DVB Logo
Home
နိုင်ငံတကာ
ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် နပ်စပ်တိုက်ပွဲ၌ လူဒါဇင်ချီ သေဆုံး 
DVB
·
October 13, 2025
ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် နပ်စပ်တိုက်ပွဲ၌ လူဒါဇင်ချီ သေဆုံး 
Donate to DVB

ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန် နှစ်နိုင်ငံကြား ညလုံးပေါက် နယ်စပ်တိုက်ပွဲတွေမှာ တိုက်ခိုက်ရေးသမားတွေ ဒါဇင်ချီ သေဆုံးခဲ့တယ်လို့ နှစ်ဖက်စလုံးက အောက်တိုဘာ ၁၂ ရက်မှာ ပြောပါတယ်။

အာဖဂန်နစ္စတန်မှာ တာလီဘန်တွေ အာဏာရလာချိန်ကစပြီး အိမ်နီးချင်းတွေအကြား အပြင်းထန်ဆုံး တိုက်ပွဲတွေ ဖြစ်တယ်လို့လည်း နှစ်ဖက်စလုံးက ပြောခဲ့ပါတယ်။

တိုက်ပွဲတွေအတွင်း စစ်သား ၂၃ ယောက် သေဆုံးခဲ့တယ်လို့ ပါကစ္စတန်စစ်တပ်က ပြောပါတယ်။ တာလီဘန်တို့က သူတို့ဘက်မှာ ၉ ယောက် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံထဲက စခန်းတွေကနေ ဘေးကင်းကင်း စီမံခန့်ခွဲပြီး ပါကစ္စတန်နိုင်ငံထဲမှာ အရှိန်မြှင့် တိုက်ခိုက်နေတဲ့ စစ်သွေးကြွတွေကို အရေးယူပေးဖို့ ပါကစ္စတန်အစိုးရက တောင်းဆိုခဲ့ပြီးတဲ့နောက် တင်းမာမှုတွေ မြင့်တက်လာခဲ့တာပါ။

၂၀၂၁ ခုနှစ်မှာ အာဏာရလာခဲ့တဲ့ တာလီဘန်တို့က ပါကစ္စတန် စစ်သွေးကြွတွေ သူတို့မြေပေါ်မှာ ရှိနေတယ်ဆိုတဲ့ စွဲချက်ကို ငြင်းဆိုထားပါတယ်။

တဖက်မှာ ထိခိုက်သေဆုံးမှုတွေ ပိုများတယ်လို့ နှစ်ဖက်စလုံးက အထောက်အထားမပြဘဲ ပြောပါတယ်။

အာဖဂန်နစ္စတန်မှာ တာလီဘန်တွေနဲ့ မဟာမိတ် တိုက်ခိုက်ရေးသမား ၂၀၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ ပါကစ္စတန်က ပြောခဲ့ပြီး အာဖဂန်နစ္စတန်ကတော့ ပါကစ္စတန်စစ်သား ၅၈ ယောက် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ ကိန်းဂဏန်းတွေကိုတော့ သီးခြား အတည်မပြုနိုင်ပါဘူး။

ပါကစ္စတန်-အာဖဂန် နယ်စပ်တလျှောက်က အန်ဂူးအဒ္ဒါ၊ ဘာဂျူး၊ ကာရမ်၊ ဒီယာ၊ ချီထရယ်နဲ့ ဘာရမ်ချာ အပါအဝင် နေရာအသီးသီးမှာ ပါကစ္စတန်တပ်ဖွဲ့တွေက တိုက်ခိုက်နေတဲ့ ဗီဒီယိုဖိုင်ကို စစ်တပ်မီဒီယာအဖွဲ့ ISPR က ထုတ်ပြန်ခဲ့ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံထဲက စစ်သွေးကြွစခန်းတွေကို တိတိကျကျ တိုက်ခိုက်ပြီး ရုပ်ပိုင်းဆိုင်ရာ အစီးအနင်းတွေကို သုံးကာ ပါကစ္စတန်တပ်ဖွဲ့တွေက ပြတ်ပြတ်သားသား ချေမှုန်းခဲ့တယ်လို့ ISPR က ပြောပါတယ်။

ရန်လိုတဲ့ တပ်စခန်း ၂၁ ခုကို ခဏ သိမ်းပိုက်ရမိခဲ့ပြီး လေ့ကျင့်ရေး အဆောက်အအုံ အများအပြား ပျက်စီးသွားတယ်လို့လည်း အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

တာလီဘန်တွေကို လက်တုံ့ပြန်တိုက်ခိုက်တဲ့ အနေနဲ့ အောက်တိုဘာ ၉ ရက်မှာ ပါကစ္စတန်ဟာ ကဘူးလ်မြို့နဲ့ အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းက ဈေးတခုတို့ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ပါကစ္စတန် လုံခြုံရေး အရာရှိတွေနဲ့ တာလီဘန်တို့က ပြောပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုကို ပါကစ္စတန်က တရားဝင် အသိအမှတ် မပြုပါဘူး။ အောက်တိုဘာ ၁၁ ရက် နှောင်းပိုင်းမှာ ပါကစ္စတန်နယ်စပ်စခန်းတွေကို အာဖဂန် တပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့ပါတယ်။

ပါကစ္စတန်က သေနတ်တွေ အမြောက်တွေနဲ့ တုံ့ပြန် ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။

နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို ဖျက်ဆီးခဲ့တယ်လို့ နှစ်ဖက်စလုံးက ပြောခဲ့ပါတယ်။

ပါကစ္စတန် လုံခြုံရေး တာဝန်ရှိသူတွေက အာဖဂန်နစ္စတန် စစ်စခန်းတွေ ပစ်ခတ်မှု ထိမှန်တာကို ပြထားတဲ့ ဗီဒီယိုမှတ်တမ်းကို မျှဝေခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013