
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော် ၅၀ နီးပါးဟာ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)ဆီ တပ်ဖွဲ့ဝင်အဖြစ် ပူးပေါင်းဝင်ရောက်လိုက်ပြီ လို့ ထုတ်ပြန်ကြေညာပါတယ်။
နိုင်ငံရေးခံယူချက်ချင်း တူတာကြောင့် ပူးပေါင်းဖြစ်တာလို့ ပုလောမြို့နယ် ပကဖ တိုက်ခိုက်ရေးတာဝန်ခံ ရဲဘော်ကျော်ဇောက ပြောပါတယ်။
“DNLA ထဲကို ဝင်လာတာက ရဲဘော်တဦးချင်းရဲ့ဆန္ဒပါ။ အောက်တိုဘာလ အစောပိုင်းလောက်မှာ ပုလောပကဖဆီ နုတ်ထွက်စာတင်ခဲ့တယ်။ ပုလောပကဖမှာပဲ ဆက်ပြီးတာဝန်ထမ်းဆောင်ချင်တဲ့ ရဲဘော်တွေကိုလည်း ပုလောပကဖတာဝန်ခံဆီမှာပဲ အပ်ထားခဲ့တယ်” လို့ သူက ဆက်ပြောပါတယ်။
ပုလောမြို့နယ်ပကဖအဖွဲ့ရဲ့ အောက်တိုဘာ ၁၀ ရက်က ထုတ်ပြန်ချက်မှာတော့ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်ဆီ တပ်ဖွဲ့ဝင်အဖြစ် ပူးပေါင်းဝင်ရောက်လိုက်ပြီလို့ ဖော်ပြထားပါတယ်။
ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်အဖြစ် ဆက်လက်ရပ်တည်ပြီး တော်လှန်ရေးပြီးမြောက်တဲ့အထိ စစ်ရေးမဟာမိတ်တွေနဲ့ ပူးပေါင်းပြီး တိုက်ပွဲဝင်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။
DNLA ရဲ့ တာဝန်ရှိသူတယောက်က “အခုလို ပူးပေါင်းဝင်ရောက်လာတာဟာ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲမှာ အတူတကွ ပူးပေါင်းလုပ်ဆောင်တော်လှန်ချင်လို့ပါ။ စစ်ရေးကိုတော့ ပုလောမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်အောက်ပိုင်းမှာ လှုပ်ရှားမှာပါ”လို့ ပြောပါတယ်။
ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်က တပ်ဖွဲ့တခုအဖြစ် ၂၀၂၄ ခုနစ်၊ မေ ၅ ရက်နေ့မှာ စတင်ရပ်တည်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။










