DVB Logo
Home
မြန်မာသတင်း
ချောင်းဦးမီးထွန်းပွဲဗုံးကြဲမှု၌ ပါဝင်ပတ်သက်သူများ၏သတင်း ပေးပို့ရန် မုံရွာ ပလဖ ဖိတ်ခေါ်
DVB
·
October 11, 2025
ချောင်းဦးမီးထွန်းပွဲဗုံးကြဲမှု၌ ပါဝင်ပတ်သက်သူများ၏သတင်း ပေးပို့ရန် မုံရွာ ပလဖ ဖိတ်ခေါ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ထဲက ဘုံတိုကျေးရွာက သီတင်းကျွတ်လပြည့်ည မီးထွန်းပွဲကို လေကြောင်းတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်သူတွေနဲ့ ဆက်စပ်သူတွေရဲ့ သတင်းအချက်အလက်တွေ ပေးပို့ကြဖို့ People's Security Force - PSF (မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့) က ဖိတ်ခေါ်ထားပါတယ်။

မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “ဘုံတိုရွာနားမှာ ဒေသခံပြည်သူတွေစုပေါင်းပြီး လပြည့်ညဆီမီးထွန်းပွဲတော်ပြုလုပ်နေချိန်ကို စစ်တပ်ဘက်က ရည်ရွယ်ချက်ရှိရှိ ပါရာမိုတာနဲ့ ရက်ရက်စက်စက် လူမဆန်စွာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ ပါရာမိုတာ  Pilot မောင်းသူတရားခံနဲ့ ဆက်စပ်တဲ့ စစ်တပ်သတင်းပေးသူတွေကို အပြစ်ပေးစီရင်နိုင်ဖို့ သူတို့တွေရဲ့ သက်ဆိုင်တဲ့သတင်းအချက်အလက်တွေကို တောင်းယူရတာဖြစ်ပါတယ်ဗျ” လို့ DVB ကို ပြောပါတယ်။

ပြည်သူတွေနဲ့ တော်လှန်ရေးရေးတပ်ဖွဲ့တွေအနေနဲ့ အဲဒီဗုံးကြဲတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်ခဲ့ကြသူတွေရဲ့ သတင်းအချက်အလက်တွေကို People's Security Force - PSF ရဲ့ လူမှုကွန်ရက်စာမျက်နှာကတဆင့် လုံခြုံစိတ်ချစွာပေးပို့နိုင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်၊ သီတင်းကျွတ်လပြည့်ည ၈ နာရီဝန်းကျင်မှာ ဒေသခံပြည်သူတွေစုပေါင်းပြီး ဆီမီးထွန်းပွဲတော်ပြုလုပ်နေချိန် စစ်ကောင်စီတပ်ရဲ့မုံရွာနမခ ထဲကနေ တက်လာတဲ့ စက်တပ်လေထီးဟာ ၁၂၀ မမ ဗုံးသီး ၂ လုံးကို ဆီမီးထွန်းနေတဲ့ လူအုပ်ကြားထဲကိုကြဲချခဲ့ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေချိန်မှာလည်း စက်တပ်လေထီး နောက် ၁ စီးနဲ့ ဗုံး ၂ လုံးထပ်မံကြဲချခဲ့တာကြောင့် အောက်တိုဘာ ၉ ရက်နေ့အထိ သေဆုံးတဲ့ပြည်သူ အယောက် ၂၀ ဝန်းကျင်ရှိပြီး ဗုံးစထိမှန်ဒဏ်ရာကြောင့် ဆေးကုသနေရသူ ၄၀ နီးပါးထဲမှာလည်း အသက်အန္တရာယ်စိုးရိမ်ရသူတွေ ပါဝင်နေသေးတယ်လို့ ဆိုပါတယ်။

မုံရွာ ပကဖ ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “ကျနော်တို့ တော်လှန်တပ်ဖွဲ့တွေရဲ့လှုပ်ရှားမှုတွေကို ရန်သူ့ဆီကိုသတင်းပေးနေတဲ့ ဒလန်တွေ၊ သတင်းပေးတွေရဲ့ အချက်အလက်တွေ​ကို ပလဖ ဘက်က တောင်းခံတာပါ။ ပလဖ ဘက်က ထုတ်ပြန်ထားတာအပေါ်မှာတော့ အထူးဖြည့်စွက်ပြောစရာမရှိပါဘူး” လို့ ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ အခုအောက်တိုဘာလအတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ ပြည်သူကိုပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်အန္တရာယ်တွေကို သတိထားရှောင်ရှားနိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အမြဲမပြတ်သတိပေးတိုက်တွန်းနေကြတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013