
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ တောင်မဲသင်းဒေသမှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းတပ်တွေ စစ်ကြောင်းထိုးလာပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေလို့ ဒေသခံတွေ ဘေးကင်းရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
အောက်တိုဘာ ၈ ရက်မှာ တိုက်ပွဲစတင်ဖြစ်ပွားပြီး တိမ်းရှောင်နေရတဲ့ ပြည်သူ အိမ်ထောင်စု ၁၂၀ ရှိပြီး မိုးကာတဲခုထဲမှာ အိမ်ထောက်စု ၃ စု၊ ၄ စု ပေါင်းကာ အမျိုးသား အမျိုးသမီး ရောနှော နေထိုင်ရတယ်လို့ ဒေသခံက ပြောပါတယ်။
စစ်ရှောင်တာဝန်ခံတယောက်က “စစ်ဘေးရှောင်တွေအတွက် တဲဆောက်ဖို့ မိုးကာ၊ သွပ်၊ သက်ကယ် အရေးပေါ်လိုတယ်။ နောက်ပြီး စားနပ်ရိက္ခာ၊ ဆေးဝါးတွေလည်း လိုအပ်တယ်” လို့ ပြောပါတယ်။
စစ်ဘေးတိမ်းရှောင်နေရတဲ့အတွက် ရိတ်သိမ်းခါနီး စပါး၊ ပဲပုတ်၊ မြေပဲခင်းတွေ ချန်ထားခဲ့ရပြီး တိုက်ပွဲဖြစ်ပွားချိန် ကြာလာရင် မရိတ်သိမ်းရမှာကိုလည်း စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်တယောက်က “စပါးဆို အခုက ရင့်နေပြီ။ အချိန်မီ မသိမ်းနိုင်ရင် အပင်လှဲမှာ အစေ့ကြွေကုန်မှာ စိုးရိမ်ရတယ်။ အန္တရာယ်ကြား ခက်ခက်ခဲခဲစိုက်ပြီး မသိမ်းရတော့ တော်တော်နှမြောတယ်” လို့ ပြောပါတယ်။
အခုလတ်တလော ကျေးရွာထဲ ပြည်သူတွေရဲ့ တောင်ယာခြံဘက်မှာ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တို့ တပ်စွဲပြီး လက်နက်ကြီးနဲ့လည်း မကြာခန ပစ်ခတ် ခြိမ်းခြောက်နေလို့ ဒေသခံတွေ မပြန်ရဲကြဘူးလို့ သိရပါတယ်။











