DVB Logo
Home
မြန်မာသတင်း
ချောင်းဦးဆီမီးသပိတ်၌ ဒဏ်ရာရသူများကို ကုသရန် ဆေးဝါးမရှိသဖြင့် သေဆုံးသူတိုးလာ
DVB
·
October 9, 2025
ချောင်းဦးဆီမီးသပိတ်၌ ဒဏ်ရာရသူများကို ကုသရန် ဆေးဝါးမရှိသဖြင့် သေဆုံးသူတိုးလာ
Donate to DVB

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ချောင်းဦး ဆီမီးသပိတ်မှာ ထိခိုက်ဒဏ်ရာရသူတွေကို ကုသဖို့ လုံလောက်တဲ့ ကျန်းမာရေးဝန်ထမ်းနဲ့ ဆေးဝါးမရှိတာကြောင့် သေဆုံးသူဦးရေ ဆက်တိုက်တိုးနေပါတယ်။ 

စစ်ကောင်စီလုပ်ရပ်ကို ရှုတ်ချကြောင်း နိုင်ငံတကာအဖွဲ့အစည်းတချို့က ကြေညာချက် ထုတ်ပြန်နေပြီး မြန်မာ့အရေးဆောင်ရွက်သူတွေက နိုင်ငံတကာအစိုးရနဲ့ လွှတ်တော်တွေဆီကို သတင်းအချက်အလက် ပေးပို့နေကြပါတယ်။

အောက်တိုဘာ ၆ ရက်၊ သီတင်းကျွတ်လပြည့်ညက စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ဘုံတိုရွာ ဆီမီးသပိတ်ကို စစ်ကောင်စီက ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ်တွေ အပါအဝင် ဒေသခံ ၂၀ ကျော် ပွဲချင်းပြီးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့တာပါ။ 

အောက်တိုဘာ ၈ ရက်နေ့မှာ သေဆုံးသူ ၄၀ ထက်မနည်းရှိလာပြီး အောက်တိုဘာ ၉ ရက်နေ့အထိ သေဆုံးသူတွေ ဆက်ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

လုံလောက်တဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးဝါးတွေ မရှိတာကြောင့် ဒဏ်ရာရသူတွေကို အချိန်မီမကယ်နိုင်ဘဲ သေဆုံးသူအရေအတွက် အဆမတန်များလာတာလို့ ဒေသခံတွေက ပြောပါတယ်။ 

ဆီမီးသပိတ်မှာ အနီးဝန်းကျင်ရွာ အများအပြားကလူတွေ ပူးပေါင်းပါဝင်ခဲ့တာဖြစ်ပြီး ဗုံးကြဲခံရတဲ့အချိန်မှာ ဘယ်ရွာက ဘယ်သူတွေ ထိခိုက်သေဆုံးတယ်ဆိုတာ ချက်ချင်းအတည်မပြုနိုင်ခဲ့ဘဲ အခြေအနေအနည်းငယ် တည်ငြိမ်ချိန်ရောက်မှ ရလာတဲ့ စာရင်းတွေအရ သေဆုံးသူအရေအတွက် အဆမတန်များလာတာလို့ ဆိုပါတယ်။

ဒေသခံအမျိုးသမီးတယောက်က “၇၀ ကျော်သွားပြီ၊ ညောင်ညိုပင်တို့ သစ်ဆိမ့်တို့အများဆုံးပဲ၊ ဘုံတိုတို့၊ ထန်းတောကြီး အစုံပါကွာ။ ချောင်းမနား၊ ညောင်ပင်လှ၊ တကယ့်ခေါင်းဆောင်တွေ ကုန်ပါပြီကွာ။ မနေ့ညကကို ရဲဘော်တယောက် ကျတယ်တဲ့၊ ချောင်းဦး-ညောင်ညိုပင်က ခေါင်းဆောင်လေ၊ ကိုဘုန်းတဲ့၊ အမကြီးတို့ရွာဘေးက ကလေးလေး ၁၃ နှစ်သားလေး မနေ့ညက ဆုံးသွားတာ၊ မခွဲစိတ်နိုင်လိုက်တာ နောက်ကျသွားတာလေ။ ဆရာဝန် ဆေးမရှိတာတဲ့၊ ဆေးလိုအပ်တာတဲ့၊ ဆေးရှိရင်တော့ ကုနိုင်တယ်ပေါ့နော်။ သေတာတောင် ၇၀ ကျော်သွားပါပြီ၊ ခုမှ ဟိုအိမ်က ၂ ယောက်၊ ဒီအိမ်က ၁ ယောက် ပြန်မလာတော့မှလေ၊ ခုတဲ့ ရွာကဟာတွေက နောက်ရက်ကို ပန်းသပိတ်ရှိတယ်၊ လိုက်မှာလားတဲ့၊ ငါတယောက်တည်းသေတာ ဘာမှမဖြစ်ဘူး၊ ငါက လိုက်မှာလို့၊ ငါ့များ ကြောက်မယ်ထင်မနေနဲ့လို့၊ ဘာသပိတ်ပဲရှိရှိ လိုက်မှာ” လို့ ပြောပါတယ်။

ချောင်းဦးဆီမီးသပိတ်တိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၂၀ ကျော်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။ 

မြေပြင်မှာတော့ ဒဏ်ရာရသူတွေကို နေရာစုံခွဲပြီး ပို့ဆောင်ကုသပေးနေတာ ဖြစ်တဲ့အတွက် ဒေသခံတွေ ပြောဆိုတဲ့ သေဆုံးသူအရေအတွက်ပမာဏဟာ ကွဲပြားမှုရှိနေပါတယ်။ 

မြေပြင်အခြေအနေ မတည်ငြိမ်မှုတွေနဲ့ ဆက်သွယ်ရေးအခက်အခဲတွေကြောင့် သေဆုံးသူ အရေအတွက် အတိအကျကို DVB က သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဦးမြင့်ထွေး (စစ်ကိုင်းဖက်ဒရယ်ယူနစ်-ဥက္ကဋ္ဌ) က “စစ်မြေပြင်လည်း မဟုတ်၊ လက်နက်ကိုင်ပြီး တော်လှန်နေတဲ့သူလည်း မဟုတ်၊ ဆီမီးပူဇော်ရင်းနဲ့ပဲ သပိတ်လေးလုပ်တဲ့အပေါ်မှာ၊ ဆန္ဒထုတ်ဖော်တယ် ဆိုတာက တော်လှန်ရေးရဲ့ အနူးညံ့ဆုံး၊ အသိမ်မွေ့ဆုံး၊ မွေးရာပါ အခွင့်အရေးအပေါ်မှာ ယုံကြည်ချက်နဲ့ ဆောင်ရွက်နေကြတဲ့ ပြည်သူလူထုအပေါ် ဒီလောက် ရက်ရက်စက်စက် လုပ်တာကတော့ အင်မတန်မှ ရိုင်းစိုင်းပက်စက်လွန်းတယ်လို့ မှတ်ချက်ပြုပါတယ်။ ဒီဟာတွေဟာ တော်လှန်ရေးအတွက် ခွန်အားတရပ် ပြန်ဖြစ်မယ်၊ ကျန်နေရစ်သူတွေ တာဝန်ပိုကြီးလာမယ်၊ တာဝန်ကျေလိမ့်မယ်လို့လည်း ကျနော်ကတော့ ဖြည့်စွက်ပြောချင်ပါတယ်” လို့ ပြောပါတယ်။

စိုးဝင်းဆွေ (စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်) က “တဖက်ကလည်း ဒီမိုကရေစီကို သွားချင်ပါတယ်လို့ တတွတ်တွတ် ပြောနေတယ်။ တဖက်ကလည်း ဘာသာရေး လွတ်လပ်ခွင့် အပါအဝင် လူတွေရဲ့ လွတ်လပ်စွာစုဝေးခွင့်၊ လွတ်လပ်စွာဟောပြောခွင့်၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်တွေကို သတ်ဖြတ်သုတ်သင်ပြီးတော့ မတရား လိုက်ပိတ်ပင်နေတာတွေက မင်းသားခေါင်း ဆောင်းထားပေမဲ့ အတွင်းက ဘီလူးစွယ်တွေက ဖွေးနေအောင်ပေါ်နေတဲ့ စစ်အာဏာရှင်ရဲ့ သရုပ်သကန်ကို ပြနေတာပါပဲ” လို့ ပြောပါတယ်။

ချောင်းဦးဆီမီးသပိတ်ကို စစ်ကောင်စီက ပါရာမော်တာ စက်တပ်လေထီးနဲ့ ဗုံးကြဲချလို့ အရပ်သားပြည်သူတွေ သေဆုံးရတဲ့အပေါ် Amnesty International အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က အောက်တိုဘာ ၇ ရက်နေ့မှာ ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။ 

နိုင်ငံတကာရောက် မြန်မာ့အရေးဆောင်ရွက်သူတွေကလည်း ရောက်ရှိနေထိုင်ရာ အစိုးရနဲ့လွှတ်တော်တွေဆီကို ချောင်းဦးဆီမီးသပိတ် သတ်ဖြတ်ခံရမှုအကြောင်း သတင်းအချက်အလက် အထောက်အထားတွေ ပေးပို့ထားတယ်လို့ ဆိုပါတယ်။

ဂျိမ်းစ်ရွှေ (လော့စ်အိန်ဂျလိစ်မြန်မာလှုပ်ရှားမှုအဖွဲ့LA2M) က “ဆန်ရှင်တွေ ပိုလုပ်ပါပေါ့ဗျာ၊ ပြီးတော့မှ အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ပါပေါ့။ အဲဒီစာကို ကျနော်တို့ ရေးထားတာဗျ၊ ဒီချောင်းဦးကိစ္စက ထပ်ဖြစ်ရော၊ ဖြစ်တာနဲ့ ဒီချောင်းဦးကိစ္စပါ ကျနော်တို့ ထည့်ရေးလိုက်တာပေါ့ အဲဒီအထဲမှာ။ ဘေလ်ဟိုင်ဇင်းဂါး တင်ထားတဲ့ Brave Burma Act ထဲမှာ မြန်မာ့စီးပွားရေးဘဏ် MEC ကို ဆန်ရှင်လုပ်ဖို့ တောင်းထားတယ်။ ကျနော်တို့က ထပ်ပိုးပြီးတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကိုပါ ထည့်ပြီး အရေးယူဖို့ ကျနော်တို့ ရေးလိုက်တာပေါ့။ အဲဒါက ဒီနေ့ ထွက်သွားပြီပေါ့၊ အကုန်လုံးကို ဖြန့်ပေးတယ်ဗျ။ အထက်လွှတ်တော်ရော အောက်လွှတ်တော်ရော၊ ချောင်းဦးကိစ္စရော၊ အတုအယောင်ရွေးကောက်ပွဲကိစ္စရော၊ ဆန်ရှင်တွေအကြောင်းရော၊ အကုန်လုံးကိုပေါင်းပြီးတော့ တိုတိုနဲ့ လုပ်လိုက်တာပေါ့လေ” လို့ ပြောပါတယ်။

ချောင်းဦးမြို့နယ် အနောက်မြောက်ခြမ်း၊ ညောင်ပင်သာအုပ်စု၊ ဘုံတိုရွာက သီတင်းကျွတ် မီးထွန်းပွဲ ကျင်းပရာနေရာကို အောက်တိုဘာ ၆ ရက် ည ၇ နာရီကျော်နဲ့ ည ၁၁ နာရီကျော်မှာ စစ်တပ်က စက်တပ်လေထီး(ပါရာမော်တာ) ၂ စီးနဲ့ ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

DVB ရဲ့ အချက်အလက်မှတ်တမ်းတွေအရ ၂၀၂၅ ခုနှစ်အတွင်းမှာ စစ်ကောင်စီက နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၃၀၀ ကျော်ပြုလုပ်ခဲ့တာကြောင့် သေဆုံးပြည်သူ ၁,၈၀၀ ကျော်အထိ ရှိခဲ့ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013