DVB Logo
Home
နိုင်ငံတကာ
ဂါဇာငြိမ်းချမ်းရေး ပထမအဆင့် အစ္စရေး-ဟားမတ်စ် သဘောတူ၊ ဓားစာခံများ ပြန်လွှတ်မည်
DVB
·
October 9, 2025
ဂါဇာငြိမ်းချမ်းရေး ပထမအဆင့် အစ္စရေး-ဟားမတ်စ် သဘောတူ၊ ဓားစာခံများ ပြန်လွှတ်မည်
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သူ့ရဲ့ ဂါဇာငြိမ်းချမ်းရေးအစီအစဉ် ပထမအဆင့်ကို အစ္စရေးနဲ့ ဟားမတ်စ်တို့ သဘောတူညီခဲ့ကြပြီ ဖြစ်ပြီး ဓားစာခံအားလုံး မကြာမီ ပြန်လွတ်လာတော့မယ်လို့ အတည်ပြုလိုက်ပါတယ်။

သူ့ရဲ့ Truth Social လူမှုကွန်ရက်မှာ အစ္စရေးတပ်တွေဟာလည်း သဘောတူထားတဲ့ နေရာအထိ ပြန်ဆုတ်ရမယ်လို့ ရေးသားထားပါတယ်။

ဒီသဘောတူညီချက် ရရှိရေးအတွက် ကာတာ၊ အီဂျစ်နဲ့ တူရကီတို့က ကြားဝင်ညှိနှိုင်းပေးခဲ့တာလို့ ထရမ့်ပ်က ထည့်သွင်းပြောပါတယ်။

ဟားမတ်စ်ဘက်ကလည်း သဘောတူညီမှုကို အတည်ပြုပေမဲ့ အပြန်အလှန်အနေနဲ့ အစ္စရေးက လွှတ်ပေးမယ့် အကျဉ်းသား နောက်ဆုံးစာရင်းကို မရသေးဘူးလို့ ပါလက်စတိုင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ ဒီသဘောတူညီချက်ဟာ “အစ္စရေးအတွက် ကြီးကျယ်တဲ့နေ့တနေ့” ဖြစ်ပြီး အစိုးရအဖွဲ့ရဲ့ အတည်ပြုချက်ရဖို့ အောက်တိုဘာ ၉ ရက်မှာ တင်ပြသွားမယ်လို့ ပြောပါတယ်။

အစ္စရေးအစိုးရက အတည်ပြုပြီးတာနဲ့ အပစ်အခတ်ရပ်စဲရေးဟာ ဂျေရုစလင်စံတော်ချိန် မွန်းလွဲ ၂ နာရီမှာ စတင်မှာ ဖြစ်ပါတယ်။

အတည်ပြုပြီးပါက ဓားစာခံတွေကို ၇၂ နာရီအတွင်း စတင်လွှတ်ပေးဖွယ်ရှိတယ်လို့ ဟားမတ်စ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ဆိုပါတယ်။

ဒီသဘောတူညီချက်ဟာ ၂ နှစ်တာစစ်ပွဲ အဆုံးသတ်မှုဆီ ဦးတည်သွားနိုင်ပေမဲ့ အသေးစိတ် အချက်အလက်တွေကတော့ ဆက်လက်ဆွေးနွေးရဦးမှာ ဖြစ်ပါတယ်။

ဒီသဘောတူညီချက်ဟာ ၂၀၂၃ အောက်တိုဘာ ၇ ရက်က စတင်ခဲ့တဲ့ စစ်ပွဲ ၂ နှစ်နဲ့ ၂ ရက်အကြာမှာ ရရှိခဲ့တာဖြစ်ပါတယ်။

၂၀၂၃ အောက်တိုဘာ  ၇ ရက်မှာ ဟားမတ်စ် ဦးဆောင်တဲ့ သေနတ်သမားတွေက အစ္စရေးနယ်မြေထဲ ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် လူပေါင်း ၁,၂၀၀ သေဆုံးပြီး ဓားစာခံ ၂၅၁ ယောက် ဂါဇာကမ်းမြောင်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

အဲဒီကစခဲ့တဲ့ အစ္စရေးရဲ့ ဂါဇာစစ်ဆင်ရေးကြောင့် ကလေး ၂၀,၁၇၉ ယောက် အပါအဝင် ပါလက်စတိုင်းသား ၆၇,၁၈၃ ယောက် သေဆုံးခဲ့ရတယ်လို့ ဂါဇာကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013