
တရုတ်နိုင်ငံက စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ကို နိုင်ငံတကာအလယ်မှာ တရားဝင်မှု ပိုမိုရရှိလာစေဖို့ ကြိုးပမ်းနေတယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူတွေနဲ့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။
မကြာသေးခင်က စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ရဲ့ တရုတ်နိုင်ငံခရီးစဉ်အရ တရုတ်ရဲ့ သဘောထားကို မြန်မာ-တရုတ်အရေး ကျွမ်းကျင်သူ ဂျေဆန်တာဝါက “မင်းအောင်လှိုင်ရဲ့ နိုင်ငံတော်အဆင့် ခရီးစဉ်အတွင်း တရုတ်က ဧည့်ခံကြိုဆိုခဲ့တဲ့ ပုံစံကိုကြည့်ရင် အဖြေက ရှင်းပါတယ်။ မင်းအောင်လှိုင်ကို တရုတ်ရဲ့ ထိပ်တန်း နည်းပညာတွေကို လိုက်လံပြသတာတွေအပြင် နိုင်ငံရေး၊ စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးတွေ ပိုမိုနက်ရှိုင်းအောင် လုပ်ဆောင်မဲ့အကြောင်း ထုတ်ပြန်ချက်တွေဟာ ဘေဂျင်းရဲ့ ရည်ရွယ်ချက်ကို အထင်အရှား ပြသနေပါတယ်။ တရုတ်ဟာ အာဆီယံကို ဘုံသဘောတူညီချက် ၅ ချက် (Five-Point Consensus) ကနေ သွေဖည်သွားစေချင်ပုံရပါတယ်။ မြန်မာစစ်ကောင်စီနဲ့ နိုင်ငံရေးမပါတဲ့ ထိတွေ့ဆက်ဆံမှုမျိုးပဲ လုပ်နေရာကနေ နိုင်ငံရေးအရ ထိတွေ့ဆက်ဆံမှုဆီ ကူးပြောင်းသွားဖို့၊ တနည်းအားဖြင့် ပြောရရင် တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်ဆံရေးမလုပ်ဖို့၊ လက်ရှိမှာ ဆက်ဆံဖို့ ကျန်နေတဲ့ တဦးတည်းသော အင်အားစုဟာ မင်းအောင်လှိုင်ပဲ ဖြစ်တယ် ဆိုတာကို လက်ခံလာအောင် လုပ်ဆောင်နေတာပါ” လို့ သုံးသပ်ပါတယ်။
တရုတ်ရဲ့ လုပ်ဆောင်ချက်တွေဟာ စစ်အာဏာရှင်ရဲ့ နိုင်ငံရေးတရားဝင်မှုနဲ့ စီးပွားရေး အကျိုးစီးပွားကို ပိုမိုခိုင်မာစေနိုင်ပေမဲ့လည်း မြန်မာ့အရေးကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် ထိရောက်တဲ့ ကြိုးပမ်းမှု မဟုတ်ဘူးလို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူးက ဒေါ်နှင်းနှင်းမွှေးက သုံးသပ်ပါတယ်။
“တရုတ်က စစ်အုပ်စုနဲ့ တိုက်ရိုက် အကျိုးစီးပွား ဆက်နွှယ်ပြီးတော့ လုပ်နေတဲ့ကိစ္စတွေ ရှိတဲ့အခါကျတော့ သူတို့လုပ်တာ မှန်တယ်။ နောက်တခုက စစ်အုပ်စုမှာ တရားဝင်မှု ပိုပိုပြီး ရလာသမျှပေါ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ ပိုပိုပြီးတော့ အခြေခိုင်လာမယ်လို့ ယူဆပုံပါပဲ။ ဒါ တကယ်တမ်းဆိုလို့ရှိရင် မြန်မာ့အရေးကို အေးအေးချမ်းချမ်း ဖြေရှင်းနိုင်ဖို့အတွက်ကို တကယ် ထိရောက်တဲ့ ကြိုးစားအားထုတ်မှု မဟုတ်ဘူး။ နောက် ပြည်သူတွေနဲ့ နိုင်ငံအေးချမ်းမှုအတွက်ကို တကယ်ထင်ဟပ်တဲ့ကိစ္စ မဟုတ်ဘူးလို့ ပြောချင်ပါတယ်ရှင့်။ UN မှာဆိုလို့ရှိရင်တော့ သူလည်း ဗီတိုအာဏာ သုံးပိုင်ခွင့်ရှိတဲ့ အနေအထားမျိုး ဖြစ်တဲ့အခါကျတော့ ဒါလည်း သတိပြုရမဲ့အချက် ဖြစ်ပါတယ်။ ဒါပေမဲ့ တခြားနိုင်ငံကြီးတွေရဲ့ မြန်မာ့အရေးနဲ့ ဒီမိုကရေစီအရေးပေါ်မှာ သုံးသပ်ချက်တွေကတော့ အခုအချိန်ထိအောင်မှပဲ ပြည်သူတွေဘက်ကနေပြီးတော့ တစုံတရာ ရပ်တည်ပေးတယ်ဆိုတဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ ဒါက အင်အားချိန်ခွင်လျှာ ညှိနှိုင်းမှုပေါ်မှာ သွားပြီးတော့ အကျိုးသက်ရောက်လိမ့်မယ်လို့ ထင်ပါတယ်။”
တရုတ်အစိုးရရဲ့ မူဝါဒတွေကို လက်မခံနိုင်တာ ဖြစ်ပေမဲ့လည်း လူမျိုးရေးမုန်းတီးမှု မဖြစ်အောင်လည်း သတိထားဖို့ လိုကြောင်း ဖြည့်ပြောပါတယ်။
စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ဟာ ၂၀၂၆ ခုနှစ် ဇွန် ၁၅ ရက်မှ ၁၉ ရက်အထိ တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင် အပါအဝင် တရုတ်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး စီးပွားရေး၊ လုံခြုံရေးနဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။
ဒီခရီးစဉ်ဟာ စစ်အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်အတွက် နိုင်ငံတော်အဆင့် ဧည့်ခံကြိုဆိုမှု ရရှိခဲ့တဲ့ အရေးပါတဲ့ ပြည်ပခရီးစဉ်တခုအဖြစ်လည်း သုံးသပ်တာတွေ ရှိပါတယ်။
ဝေဝေ










