DVB Logo
Home
မြန်မာသတင်း
သီတင်းကျွတ်ဗုံးကြဲမှုကို အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့  ရှုတ်ချ
DVB
·
October 8, 2025
သီတင်းကျွတ်ဗုံးကြဲမှုကို အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့  ရှုတ်ချ
Donate to DVB

စစ်ကိုင်းတိုင်း၊‌ ချောင်းဦးမြို့နယ်ထဲက သီတင်းကျွတ် မီးထွန်းပွဲ ငြိမ်းချမ်းစွာ ကျင်းပရာနေရာကို စစ်ကောင်စီတပ်က ပါရာမော်တာ စက်တပ်လေထီးနဲ့ ဗုံးကြဲချလို့ အရပ်သားပြည်သူတွေ သေဆုံးရတဲ့အပေါ် Amnesty International အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ရှုတ်ချကြောင်း အောက်တိုဘာ ၇ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

AI အဖွဲ့ရဲ့ မြန်မာ့အရေးသုတေသီ ဂျိူးဖရီးမန်းက မြန်မာနိုင်ငံအလယ်ပိုင်း မြေပြင်ကနေ ထွက်ပေါ်လာတဲ့ စိတ်ထိခိုက်စရာ သတင်းတွေက မြန်မာနိုင်ငံက အရပ်သားတွေအတွက် အရေးပေါ် အကာအကွယ် လိုအပ်နေတဲ့ ဆိုးရွားလှတဲ့ နှိုးဆော်ချက်အဖြစ် ဆောင်ရွက်သင့်တယ်လို့ ပြောလိုက်ပါတယ်။

“နိုင်ငံတကာ အသိုက်အဝန်းက မြန်မာနိုင်ငံမှာ ပဋိပက္ခတွေအကြောင်း မေ့လျော့နေနိုင်ပေမဲ့ မြန်မာစစ်တပ်ကတော့ လျှော့ပေါ့တဲ့ စိစစ်မှုတွေအပေါ် အခွင့်ကောင်းယူပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေပါတယ်။”

ဒါ့အပြင် မြန်မာစစ်အုပ်စုဟာ အခုနှစ်နှောင်းပိုင်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အာဏာကို စုစည်းဖို့ ကြိုးပမ်းနေတာကြောင့် ခုခံသူတွေကို ဆန့်ကျင်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လှုပ်ရှားမှုတွေကို အရှိန်မြှင့် လုပ်ဆောင်နေသလို အာဆီယံအနေနဲ့လည်း စစ်အုပ်စုအပေါ် ဖိအားတွေ တိုးမြှင့်ပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချကာ အာဏာသိမ်းထားတဲ့ အချိန် ၅ နှစ်နီးပါးကြာ မြန်မာပြည်သူတွေအတွက် ပျက်ကွက်ခဲ့တဲ့ ချဉ်းကပ်မှုကို ပြန်လည်သုံးသပ်ရမှာ ဖြစ်တယ်လို့လည်း ပြောလိုက်ပါတယ်။

ချောင်းဦးမြို့နယ် အနောက်မြောက်ခြမ်း၊ ညောင်ပင်သာအုပ်စု၊ ဘုံတိုရွာက သီတင်းကျွတ် မီးထွန်းပွဲ ကျင်းပရာနေရာကို အောက်တိုဘာ ၆ ရက် ည ၇ နာရီကျော်နဲ့ ည ၁၁ နာရီကျော်မှာ စစ်တပ်က စက်တပ်လေထီး ခေါ် ပါရာမော်တာ ၂ စီးနဲ့ ပျံသန်းလာပြီး ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး အရပ်သားပြည်သူ အယောက် ၂၀ ထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာ အများအပြား ရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Source: Amnesty International

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013