
အိန္ဒိယနိုင်ငံသားတွေအတွက် ဗီဇာစည်းမျည်းတွေ ဖြေလျှော့ပေးမှာ မဟုတ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်စတာမာက အိန္ဒိယ ခရီးစဉ်မတိုင်ခင် ပြောပါတယ်။
စတာမာဟာ လုပ်ငန်းရှင် ၁၀၀ ကျော်ရဲ့ ကိုယ်စားလှယ်တွေ၊ ယဉ်ကျေးမှုဆိုင်ရာတာဝန်ရှိသူတွေနဲ့ တက္ကသိုလ်တာဝန်ရှိသူတွေကို ဦးဆောင်ပြီး ဗြိတိန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးတိုးတက်ဖို့ အိန္ဒိယနိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
အိန္ဒိယနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ကုန်သွယ်မှုနဲ့ယဉ်ကျေးမှုဖလှယ်မှုတို့မှာ ကြီးမားတဲ့ အခွင့်အရေးရှိတယ်လို့ စတာမာက ပြောပါတယ်။
ဒါပေမဲ့ အိန္ဒိယနိုင်ငံမှာရှိတဲ့ အလုပ်သမားတွေနဲ့ ကျောင်းသားတွေအတွက် ဗီဇာစည်းမျည်းတွေ ပိုပြီး ဖြေလျှော့ပေးဖို့ အစီအစဉ်မရှိဘူးလို့ ဆိုပါတယ်။
စတာမာက “အိန္ဒိယနိုင်ငံကိုလာတာ ဗီဇာကိစ္စ မဟုတ်ပါဘူး။ ရင်းနှီးမြှုပ်နှံမှု၊ အလုပ်အကိုင်နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်မယ့် စီးပွားရေးကိစ္စအတွက်ပါ”လို့ ပြောပါတယ်။
ဗြိတိန်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ဟာ နှစ်ပေါင်းများစွာ ဆွေးနွေးမှုပြုလုပ်ခဲ့ပြီးနောက် ဇူလိုင်လက ကုန်သွယ်မှုစာချုပ် ချုပ်ဆိုခဲ့တာပါ။
အဲဒီစာချုပ်အရ ဗြိတိန်ရဲ့ ကားတွေ၊ ဝီစကီတွေဟာ ဈေးနှုန်းသက်သာစွာနဲ့ အိန္ဒိယကို တင်ပို့ခွင့်ရမှာ ဖြစ်ပြီး အိန္ဒိယ အထည်အလိပ်နဲ့ ရတနာပစ္စည်းတွေလည်း ပြန်လည်တင်ပို့ခွင့်ရမှာ ဖြစ်ပါတယ်။
သဘောတူစာချုပ်မှာ အိန္ဒိယအလုပ်သမားတွေ ဗြိတိန်မှာ ကာလတိုဗီဇာနဲ့ အလုပ်လုပ်ခွင့် ရမှာဖြစ်ပြီး လူမှုဖူလုံရေးစရိတ် ၃ နှစ် ပေးစရာမလိုတဲ့ အချက်တွေပါဝင်ပါတယ်။
ဒါပေမဲ့ လူဝင်မှုကြီးကြပ်ရေးစည်းကမ်းတွေနဲ့ ပတ်သက်လို့ ပြောင်းလဲမှာမဟုတ်ဘူးလို့ စတာမာက အခိုင်အမာ ပြောထားတာ ဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံအာဏာရလေဘာပါတီဟာ နိုင်ငံတွင်းကို လာရောက်တဲ့ ရွှေ့ပြောင်းအရေးနဲ့ပတ်သက်ပြီး ကန့်သတ်မှုတွေပြုလုပ်ဖို့ ကြိုးစားနေကာ ပြီးခဲ့တဲ့အပတ်က ပါတီ ညီလာခံမှာ အခြေချသူတွေနဲ့ပတ်သက်ပြီး တင်းကျပ်တဲ့ စည်းမျည်းတွေကို ကြေညာထားပါတယ်။
အိန္ဒိယနဲ့ ဗြိတိန်တို့ ကုန်သွယ်မှုသဘောတူညီချက်မှာ ဒေလီနဲ့ ဟီသရိုးလေဆိပ်ကို နေ့စဉ်ပြေးဆွဲတဲ့ တတိယမြောက်လေကြောင်းလိုင်းတခု လာမယ့်နှစ်မှာ ပြုလုပ်မှာဖြစ်သလို မန်ချက်စတာလေဆိပ်နဲ့ ဒေလီ တိုက်ရိုက်ပျံသန်းမယ့် ခရီးစဉ်လည်း ပါဝင်ပါတယ်။
Source: Reuters











