
အရမ်းအားကောင်းတဲ့ ကွန်ပျူတာမျိုးဆက်သစ်တရပ် ပေါ်ပေါက်လာစေဖို့ လမ်းဖွင့်ပေးခဲ့တဲ့ ကွမ်တမ်မက္ကင်းနစ်ဆိုင်ရာ စမ်းသပ်လေ့လာမှုတွေအတွက် အမေရိကန်အခြေစိုက် သိပ္ပံပညာရှင် ၃ ယောက်ဖြစ်တဲ့ ဂျွန်ကလာ့ခ်၊ မီရှဲ ဒီဗိုရေးနဲ့ ဂျွန်မာတီနီစ် တို့က ၂၀၂၅ ခုနှစ်အတွက် ရူပဗေဒနိုဘယ်လ်ဆုကို ဆွတ်ခူးရရှိသွားပါတယ်။
ဒီဆုကို တော်ဝင်ဆွီးဒစ်ရှ်သိပ္ပံအကယ်ဒမီက ချီးမြှင့်တာဖြစ်ပြီး ဆုရှင် ၃ ယောက်ဟာ ဆုကြေး ဆွီးဒစ်ရှ်ခရိုနာ ၁၁ သန်း (ဒေါ်လာ ၁ ဒသမ ၂ သန်း) ကို မျှဝေရရှိမှာ ဖြစ်ပါတယ်။
သူတို့ဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ အမှုန်အမွှားအဆင့်မှာပဲ ဖြစ်ပေါ်တတ်တဲ့ ကွမ်တမ်လောကရဲ့ အပြုအမူတွေကို လက်တွေ့လျှပ်စစ်ပတ်လမ်းတွေမှာပါ ဖန်တီးပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီအောင်မြင်မှုဟာ ကွမ်တမ်ကွန်ပျူတာ၊ ကွမ်တမ်ကွန်ရက်လုံခြုံရေးနဲ့ ကွမ်တမ်အာရုံခံကိရိယာ တွေလို နည်းပညာမျိုးဆက်သစ်တွေ ပေါ်ထွန်းလာရေးအတွက် လမ်းခင်းပေးခဲ့တာလို့ နိုဘယ်လ်ကော်မတီက ပြောပါတယ်။
“မိုဘိုင်းဖုန်းတွေကနေ ဖိုင်ဘာအော့ပ်တစ်ကေဘယ်တွေအထိ ဒီကနေ့ခေတ် သုံးစွဲနေတဲ့ အဆင့်မြင့် နည်းပညာ အားလုံးဟာ ကွမ်တမ်မက္ကင်းနစ်ကို မှီခိုနေရတာဖြစ်ပါတယ်” လို့လည်း ကော်မတီက ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ဆုရှင်တွေထဲက ဗြိတိန်ဖွား ပါမောက္ခ ဂျွန်ကလာ့ခ်ဟာ ကာလီဖိုးနီးယားတက္ကသိုလ်၊ ဘာကလေ၊ ပြင်သစ်ဖွား ပါမောက္ခ ဒီဗိုရေးက ယေးလ်တက္ကသိုလ်နဲ့ အမေရိကန်နိုင်ငံသား ပါမောက္ခ ဂျွန်မာတီနီစ်က ကာလီဖိုးနီးယားတက္ကသိုလ်၊ ဆန်တာ ဘာဘရာမှာ ပါမောက္ခတာဝန် ယူထားကြသူတွေ ဖြစ်ပါတယ်။
မာတီနီစ်ဟာ ၂၀၂၀ ပြည့်နှစ်အထိ ဂူးဂဲလ်ရဲ့ ကွမ်တမ် အသိဉာဏ်တု ဓာတ်ခွဲခန်းကို ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။
Source: Reuters











