DVB Logo
Home
Lead Story
အမေရိကန်အစိုးရယန္တရား ရပ်ဆိုင်းမှု ဘယ်လို အဖြေထွက်လာနိုင်မလဲ  (Debate)
DVB
·
October 8, 2025
အမေရိကန်အစိုးရယန္တရား ရပ်ဆိုင်းမှု ဘယ်လို အဖြေထွက်လာနိုင်မလဲ  (Debate)
Donate to DVB

အမေရိကန်ပြည်ထောင်စုမှာ အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းသွားတာ (Government Shutdown) ဟာ ဒီကနေ့ အောက်တိုဘာ ၈ ရက်ဆိုရင် အချိန်တပတ်ကျော် ကြာမြင့်လာခဲ့ပြီ ဖြစ်ပါတယ်။

လွှတ်တော်က ဘတ်ဂျက်ဥပဒေကြမ်းကို အတည်ပြုနိုင်ခြင်း မရှိသေးဘဲ ပါတီ ၂ ရပ်လုံး ပြတ်ပြတ်သားသား အလျှော့မပေးဘဲ ရပ်တည်နေတာကြောင့် နိုင်ငံရေးအကျပ်အတည်းက ပိုမိုနက်ရှိုင်းလာနေပါတယ်။ ဒီကိစ္စက ဝါရှင်တန်မြို့တော်က နိုင်ငံရေးသမားတွေကြားမှာ ဘတ်ဂျက်မူဝါဒ အငြင်းပွားနေကြတယ်ဆိုတာထက် ပိုရှုပ်ထွေးပါတယ်။​

အစိုးရလုပ်ငန်းတွေရပ်ဆိုင်းမှုနဲ့ ပတ်သက်လို့ ဘယ်သူ့မှာ ပိုပြီးတာဝန်ရှိသလဲဆိုတဲ့အပေါ်မှာ အမေရိကန်ရောက် မြန်မာတွေအပါအဝင် လူထုအမြင်တွေက ၃ မျိုးလောက်ကွဲပြားနေကြပါတယ်။ မကြာသေးခင်က ကောက်ယူထားတဲ့ CBS News, PBS, NPR, Marist, Morning Consult စစ်တမ်းတွေအရ ၃ ပုံတပုံကျော်လောက်က သမ္မတထရမ့်ပ်နဲ့ လက်ရှိအာဏာရပါတီ ရီပတ်ဘလစ်ကန်တွေကို အပြစ်တင်နေကြသလို နောက်ထပ် ၃ ပုံ တပုံနီးပါးလောက်က ဒီမိုရက်တွေကို ဝေဖန်နေကြပါတယ်။ နောက်ထပ် ၃ ပုံ တပုံလောက်ကတော့ ပါတီ ၂ ခုစလုံး နှစ်ဘက်စလုံးကို ပြစ်တင်ဝေဖန်ကြပါတယ်။ နှစ်ဖက်စလုံး အလျှော့ပေးသင့်တယ်ဆိုတဲ့ အမြင်ဟာ စစ်တမ်းအရ လူထု ၃၀ ရာခိုင်နှုန်းကျော် ရှိနေပါတယ်။ အချိန်ကြာလာတာနဲ့အမျှ နှစ်ဘက်စလုံးအပေါ် လူထုသဘောထား ဖိအားတွေက ထပ်ပြောင်းလဲလာနိုင်ပါသေးတယ်။ 

အဓိကအချက်ကတော့ ဘဏ္ဍာရေးနှစ် ၂၀၂၆ အတွက် ဘတ်ဂျက်ကို အတည်ပြုဖို့ (သို့မဟုတ် ယာယီရန်ပုံငွေ ဆက်လက်သုံးစွဲခွင့်ဥပဒေ-CR) အတွက် လွှတ်တော်မှာ စုပေါင်းထောက်ခံမဲ ၆၀ မရခဲ့ တာကြောင့် အစိုးရ shutdown ဖြစ်တာပါ။ ဘဏ္ဍာရေးနှစ်အစ အောက်တိုဘာ ၁ ရက်နေ့ မနက်စော ၁၂ နာရီက စတင်ပါတယ်။

ပါတီ ၂ ခုလုံးဟာ သူတို့ရဲ့ ရပ်တည်ချက်တွေကို အလျှော့ပေးဖို့ ငြင်းဆန်နေကြပြီး အပြန်အလှန် အပြစ်တင် နေပါတယ်။ ဒီမိုကရက်တွေဘက်က ACA ကျန်းမာရေး အာမခံထောက်ပံ့ကြေးကို သက်တမ်းတိုးဖို့ တောင်းဆိုထားပါတယ်။ သက်တမ်းမတိုးရင် ဒီနှစ်ကုန်ကစပြီး ဝင်ငွေနည်း အမေရိကန် သန်းပေါင်း ၂၀လောက်ရဲ့ ကျန်းမာရေး အာမခံ ပရီမီယံကြေးက ၇၅ ရာနှုန်းလောက် မြင့်တက်လာမယ်လို့ သတိပေးထားပါတယ်။​ ထောက်ပံ့ကြေးမရှိရင် ပရီမီယံကြေး ပျမ်းမျှ ၂ ဆ ကျော် မြင့်တက်နိုင်တယ်လို့ KFF (health policy research group) စစ်တမ်းတခုမှာ ဆိုထားပါတယ်။ ရီပတ်ဘလစ်ကန်တွေကတော့ ဒါဟာ ခိုးဝင်လာသူတွေကို ဆေးကုပေးချင်နေတာလို့ စွပ်စွဲထားပေမဲ့ တရားဝင်အထောက်အထားမရှိသူတွေဟာ ACA Marketplace မှတဆင့် အာမခံဝယ်ယူခွင့် သို့မဟုတ် ထောက်ပံ့ကြေးရပိုင်ခွင့် မရှိတာကို တွေ့ရပါတယ်။

ဒီမိုကရက်တွေရဲ့ ကျန်းမာရေးထောက်ပံ့ကြေးနဲ့ ရီပတ်ဘလစ်ကန်တွေရဲ့ နယ်စပ်လုံခြုံရေးနဲ့ စစ်ရေး အသုံးစားရိတ်တွေကို ပိုမြင့်တင်ထားတဲ့ ဘတ်ဂျက်လျာထားချက် ဦးစားပေးမူဝါဒတွေ မတူညီကြပေမဲ့  နှစ်ဘက်စလုံးကြောင့် အမေရိကန် အစိုးရကြွေးမြီ နောက်ထပ် ၁ ရီလီယံကျော် ထပ်တိုးလာမှာက တူညီနေကြတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိပါတယ်။  

ရီပတ်ဘလစ်ကန်တွေဘက်ကတော့ အစိုးရကို ဖွင့်နိုင်ဖို့ "ယာယီဘတ်ဂျက်" ကို အတည်ပြုပေးပြီး လိုချင်တဲ့ ကျန်းမာရေးကိစ္စကိုနောက်မှ ညှိနှိုင်းပါလို့ တောင်းဆိုပါတယ်။ အစိုးရကို ပိတ်ပြီး ဓားစာခံလုပ်တယ်၊ နိုင်ငံရေးလှည့်ကွက်သုံးနေတယ်လို့ ရီပတ်ဘလစ်ကန်တွေက စွပ်စွဲနေပါတယ်။

ဒီမိုကရက်တွေကတော့ အိမ်ဖြူတော်၊ အောက်လွှတ်တော် အထက်လွှတ်တော်အားလုံးကို ထိန်းချုပ်ထားတဲ့ ရီပတ်ဘလစ်ကန်တွေက ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုအပေါ် ဆွေးနွေးညှိနှိုင်းမှုမရှိတာကြောင့် ဒါဟာ သူတို့ရွေးချယ်တဲ့ ရပ်ဆိုင်းမှုပဲလို့ ပြန်လှန်စွပ်စွဲပါတယ်။​

ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုနဲ့ နယ်စပ်လုံခြုံရေး၊ စစ်ရေးစားရိတ် မူဝါဒ ၂ ခု အားပြိုင်ပွဲလို့ ယူဆနိုင်သလို လာမယ့်နှစ် ရွေးကောက်ပွဲအတွက် နိုင်ငံရေး ဂုဏ်သိက္ခာကာကွယ်မှု နိုင်ငံရေး အမာခံပရိသတ်ကို စည်းရုံးလှုံဆော်မှုအပြင် ဒီဖြစ်စဉ်ကနေ ပါတီတခုကို အပြစ်ပုံချနိုင် နိုင်ငံရေးအမြတ်ထုတ်နိုင်ဖို့ နှစ်ဘက်စလုံးမှာ ရည်ရွယ်ချက်ရှိနိုင်တယ်လို့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။

Shutdown ၏ ဆိုးကျိုးများ 

အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေဟာလည်း ကဏ္ဍအသီးသီးမှာ သိသာလာနေပါတယ်။ အရေးတကြီးမဟုတ်တဲ့ ဖက်ဒရယ်ဝန်ထမ်း ၇၅၀,၀၀၀ လောက်က နေ့စဉ်ရုံးအလုပ်ရပ်နား အိမ်မှာပဲနေရပြီး လစာဆုံးရှုံးမှုက တရက်တိုင်းမှာ ဒေါ်လာ သန်း ၄၀၀ ကျော်ရှိပါတယ်။ ဖက်ဒရယ်ဝန်ထမ်းတွေကို အစုအပြုံလိုက် အလုပ်ထုတ်မယ်လို့လည်း အိမ်ဖြူတော်က ခြိမ်းခြောက်ထားပါတယ်။ "ပုပ်နေတဲ့ သစ်ပင်တွေ" (dead wood) တွေကိုရှင်းထုတ်ဖို့ မကြုံစဖူး အခွင့်အရေးလို့ ဆိုထားပါတယ်။​ နိုင်ငံတကာမှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းပေါင်း ၁ သန်းကျော်ဟာလည်း လာမယ့် တပတ်ကစပြီး အပတ်စဉ် လုပ်ခပေးငွေ ပြတ်တောက်နိုင်ခြေရှိပါတယ်။

လေကြောင်း စီမံခန့်ခွဲတဲ့ Air traffic control လိုဌာနတွေက လုပ်ခမရဘဲ မဖြစ်မနေဆက်လုပ်ပေး နေရပေမဲ့ ဖျားနာခွင့်နဲ့ ပျက်ကွက်များလာတာကြောင့် ခရီးစဉ်နှောင့်နှေးမှုတွေ ဖြစ်လာပါတယ်။  စီးပွားရေးဆိုင်ရာ အချက်အလက်၊ အလုပ်အကိုင်ဆိုင်ရာ အစီရင်ခံစာ ထုတ်ပြန်မှုတွေ ရပ်ဆိုင်းထားလို့ စီးပွားရေးလုပ်ငန်းရှင်တွေ မူဝါဒချမှတ်သူတွေလည်း ရပ်ဆိုင်းနေပါတယ်။​ အခုလို အစိုးရယန္တရား ရပ်ဆိုင်းမှုကြောင့် စီးပွားရေးအရ တရက်တိုင်းမှာ GDP အမေရိကန် ဒေါ်လာ သန်း ၁,၀၀၀ ကျော် ထိခိုက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။​ ရပ်ဆိုင်းမှု တပတ်ကြာရင် GDP ကို ၀ ဒသမ ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်တယ်လို့ ခွဲခြမ်းစိတ်ဖြာ ချက်တွေရှိပါတယ်။ နိုင်ငံစီးပွားရေး ကျဆင်းရင် အလုပ်အကိုင်ဆုံးရှုံး၊ စျေးကွက် မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်ပါတယ်။

စာဖတ်သူများရဲ့ အမြင်က ဘယ်လိုရှိပါသလဲ

မြန်မာ အမေရိကန် ပြည်သူလူထုရဲ့ အမြင်မှာ ဒီနိုင်ငံရေး အငြင်းပွားမှုကို ဘယ်လိုထင်မြင်ကြပါသလဲ။ နှစ်ဖက်စလုံးက အလျှော့မပေးတဲ့အတွက် ဒီအကျပ်အတည်းက ပိုကြာလာမယ်ဆိုရင် နိုင်ငံစီးပွားရေးထိခိုက်တာကြောင့် သူတို့ရဲ့ နိုင်ငံရေးမူဝါဒကို ဘယ်သူက အရင်အလျော့ပေးသင့်မလဲ။ မူဝါဒ ညှိနှိုင်းမှု စားပွဲဝိုင်းကို ပြန်စတင်ဖို့ ဘယ်ခေါင်းဆောင်က စတင်လှုပ်ရှားသင့်ပါသလဲ။ 

ဒီမိုကရက်တွေ တောင်းဆိုတဲ့ ကျန်းမာရေးကိစ္စဟာ အမေရိကန်လူမျိုး သန်းပေါင်းများစွာအတွက် အရေးကြီးတဲ့အတွက် Shutdown ခံပြီး တိုက်ပွဲဝင်သင့်တယ်၊ ရီပတ်ဘလစ်ကန်တွေက လူထုရဲ့ လိုအပ်ချက်ကို လျစ်လျူရှုပြီး ပါတီကြီးစိုးရေးကို လုပ်နေတာလို့ ယူဆပါသလား။

အစိုးရ ရပ်ဆိုင်းမှုရဲ့ ဒဏ်ကို အမေရိကန်လူထု (ဝန်ထမ်း၊ စီးပွားရေးလုပ်ငန်းရှင်) တွေ ခံနေရတဲ့အတွက် ဒီမိုကရက်တွေအနေနဲ့ ရန်ပုံငွေ ဆက်လက်သုံးစွဲခွင့်ကို ချက်ချင်း အတည်ပြုပေးပြီး အစိုးရလည်ပတ်စေပြီး နောက်မှ ကျန်းမာရေးကိစ္စကို ဆက်ဆွေးနွေးသင့်တယ်လို့ မြင်ပါသလား။

နောက်ထပ် စဉ်းစားစရာများ 

-ပါတီတခုခု သို့မဟုတ် ပါတီနှစ်ခုလုံးဟာ ပြည်သူ့အကျိုးစီးပွားထက် လာမယ့်နှစ် ရွေးကောက်ပွဲအတွက် အမာခံမဲဆန္ဒရှင် စည်းရုံးရေး (mobilizing their base) ကို ပိုဦးစားပေးနေတယ်လို့ ယူဆနိုင်စရာ ရှိမလား။ 

-နှစ်ဘက်စလုံးက အလျှော့မပေးကြေး မူဝါဒဟာ သာမန်ပြည်သူတွေ အကျိုးရှိပါရဲ့လား၊ သို့မဟုတ် ပါတီတွင်း အစွန်းရောက်အုပ်စုတွေ ကျေနပ်စေဖို့လား။ 

-နှစ်ဘက်စလုံးမှာ "အကုန်မရရင် ဘာမှမလိုချင်" (all-or-nothing) အစွန်းရောက် ဗျူဟာဖြစ်နေမလား။ အစိုးရရပ်ဆိုင်းမှု ကြာရှည်လာတာနဲ့ အမျှ စီးပွားရေး ကျပ်တည်းလာတဲ့ ပြည်သူလူထု ဖိအားတွေက ပါတီ ၂ ခုစလုံးဘက်ကို လှည့်လာနိုင်ခြေ တိုးလာနိုင်မလား။  

-အခုလို အစိုးရလုပ်ငန်းများ မကြာခဏ ရပ်ဆိုင်းရတာတွေက သက်ဆိုင်ရာပါတီတွေရဲ့ ညှိနှိုင်းရေး မူဝါဒ အမှားလား၊ အမေရိကန်၏ နိုင်ငံရေးစနစ်ရဲ့ အားနည်းချက်လား။ 

ဒီပြဿနာနဲ့ပတ်သက်ပြီး စာဖတ်သူတို့ရဲ့ ဝေဖန်သုံးသပ်ချက်၊ အမြင်အမျိုးမျိုးကို မှတ်ချက် (Comment) တွေမှာ ဝင်ရောက် ဆွေးနွေးပေးကြဖို့  ဖိတ်ခေါ်လိုက်ရပါတယ်။​ 

Image created by ChatGPT - OpenAI

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013