
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ် ရိုးကျော်လမ်းက နတ်ရေကန်တောင်အနီးနဲ့ အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာနားကို စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ Y12 စုစုပေါင်း ၇ စင်းနဲ့ သြဂုတ် ၈ ရက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ညနေ ၃ နာရီလောက်ကစတင်ပြီး နတ်ရေကန်ပတ်ဝန်းကျင်နဲ့ အနီးအနားကျေးရွာတွေကို ဂျက်တိုက်လေယာဉ် ၄ စင်း၊ Y12 ၃ စင်းနဲ့ လာရောက်ဗုံးကြဲတဲ့အပြင် တောင်အောက်မှာရှိတဲ့ ဆုန်ကုန်းအမြောက်တပ်ကလည်း အတွဲလိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
“လေယာဉ် အုပ်စုလိုက်လာပစ်နေတာ ရက်ဆက်နေပြီ။ အောက်တပ်ကလည်း လက်နက်ကြီး ပစ်တယ်။ မြေပြင်ထိုးစစ်က မရှိဘူးလေ။ လေယဉ်တခုတည်းနဲ့ ဒီလထဲ နေ့တိုင်း နေ့မဟုတ်ရင် ည လာချတယ်။”
လေယာဉ်အုပ်စုလိုက်လာပြီး ဗုံးသီး ရာနဲ့ချီ ကြဲချတိုက်ခိုက်တာကြောင့် ဂုတ်ကြီး-နတ်ရေကန်-ကံမြင့်ကန်လမ်းပိုင်းနဲ့ ပတ်ဝန်းကျင်ကျေးရွာတွေ ပျက်စီးနေတယ်လို့ သူက ဆက်ပြောပါတယ်။
သြဂုတ် ၈ ရက် ည ၁၀ နာရီခွဲလောက်မှာလည်း ဂျက်တိုက်လေယာဉ် ၂ စင်း၊ Y12 ၁ စင်းနဲ့ နတ်ရေကန်ပတ်ဝန်းကျင်၊ အမ်းမြို့နယ်၊ တလိုင်းတောင် ကျေးရွာနားတို့ကို ဗုံးကြဲခဲ့တယ်လို့ နောက်ထပ်ဒေသခံက ပြောပါတယ်။
ဆက်သွယ်ရေးပြတ်တောက်နေတာကြောင့် ထိခိုက်တဲ့အခြေအနေကိုတော့ မသိရဘူးလို့ သူက ဆိုပါတယ်။










