DVB Logo
Home
မြန်မာသတင်း
မောင်တောတွင် ငှက်ဖျားရောဂါ ခံစားနေရသူ များပြားပြီး ကုသရန် ခက်ခဲနေ
DVB
·
October 7, 2025
မောင်တောတွင် ငှက်ဖျားရောဂါ ခံစားနေရသူ များပြားပြီး ကုသရန် ခက်ခဲနေ
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ကျေးရွာတွေမှာ ငှက်ဖျားရောဂါဖြစ်နေသူတွေ များလာပြီး ဆေးဝါးကုသဖို့ အခက်အခဲတွေ့နေတယ်လို့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် ULA/AA ရဲ့ လူသားချင်း စာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)ကနေ သိရပါတယ်။

အာရက္ခတပ်တော် (AA) အနေနဲ့ မောင်တောမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ကျန်းမာရေးစောင့်ရှောက်မှု အားနည်းတဲ့ဒေသတွေကို ငှက်ဖျားပိုးစစ်ဆေးတာတွေ၊ ကုသပေးတာတွေနဲ့ အသိပညာ‌ပေး လုပ်ဆောင်ပေးခဲ့တယ်လို့ HDCO က စက်တင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ခုလိုမျိုး မောင်တောမြို့နယ်ရှိ ကျေးရွာ ၈ ရွာကို မြေပြင်ကွင်းဆင်း စစ်ဆေးလုပ်ဆောင်ရာမှာ လူဦးရေ ၁၀၀ လောက်မှာ ၁၇ ယောက်လောက်က ငှက်ဖျားပိုး တွေ့ရှိခဲ့တယ်လို့ ဆိုထားပါတယ်။

ငှက်ဖျားရောဂါတွေ အဖြစ်များလာပေမဲ့ သွားလာရခက်ခဲတဲ့အပြင် ကုန်ကျစရိတ် ကြီးမြင့်မှုတွေကြောင့် ဆေးရုံဆေးခန်း မသွားနိုင်တာတွေလည်း အများကြီးရှိနေတယ်လို့ မောင်တော ဒေသခံတယောက်က ပြောပါတယ်။

“ဒီရက်ပိုင်းအတွင်းဆို ပိုများလာတယ်။ ကိုယ်ခန္ဓာခုခံနိုင်စွမ်း အားနည်းတဲ့ ကလေးငယ်တွေက ပိုဖြစ်များတာ တွေ့ရပါတယ်။ တောင်ပြိုဘက်တွေမှာဆိုရင် ကလေးရော၊ လူကြီးတွေပါ အဖြစ်များကြပါတယ်။ ခြင်တွေလည်း တအားပေါပါတယ်။ အဲဒီဘက်တွေကျတော့ လူသွားလူလာလည်း နည်းသလို လူနေမှုတွေလည်း နည်းတယ်လေ။ တောတောင်တွေက ပိုများနေတယ်။ တချို့ဆိုရင် အဖျားကြီးပြီး ပိုးက ဦးနှောက်ကိုရောက်သွားတာတွေ ရှိတယ်။ ဆေးခန်းသွားပြမယ် ဆိုရင်လည်း လမ်းခရီးကဝေးတော့ သွားရမှာ အဆင်မပြေတာတွေ၊ ကုန်ကျစရိတ်တွေများလို့ မသွားနိုင်တဲ့သူတွေလည်း အများကြီးရှိတယ်။”

မိုးနှောင်းကာလ ခြင်ပေါက်ပွားတာ များလာတာအပြင် ရခိုင်မှာ တိုက်ပွဲတွေကြောင့် စွန့်ပစ်အဆောက်အအုံတွေ၊ ချုံနွယ်တောတောင်တွေ၊ အမှိုက်တွေ ပိုများလာတာနဲ့အတူ  မသန့်ရှင်းတဲ့ ရေဆိုးမြောင်းတွေကြောင့်လည်း ခြင်ပေါက်ပွားနှုန်း မြင့်တက်လာပြီး ကူးစက်ရောဂါ ဖြစ်ပွားမှုနှုန်း ပိုများလာတယ်လို့လည်း ဆိုပါတယ်။

HDCO ကလည်း ခြင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ကာကွယ်နိုင်ဖို့ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ အသိပညာပေး ဟောပြောတာတွေ၊ ကျန်းမာ‌ရေးစောင့်ရှောက်မှု ပေးတာတွေ၊ စစ်ဘေးရှောင်တွေကိုလည်း ခြင်ထောင် ထောက်ပံ့ပေးအပ်တာတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

တဖက်မှာလည်း ပြင်ပအကူအညီတွေ ရရှိမှု နည်းတဲ့အတွက် ထောက်ပံ့ကူညီရာမှာ လိုအပ်ချက်တွေ ရှိနေဆဲဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ဒေသတွေမှာလည်း ကျန်းမာရေးစောင့်ရှောက်မှု အားနည်းနေဆဲ ဖြစ်ပါတယ်။

ရသေ့တောင်ဒေသခံတယောက်က “ကျန်းမာရေးစောင့်ရှောက်မှုတွေကတော့ ရှိပါတယ်။ ဒါပေမဲ့ လုံလောက်တဲ့ အနေအထားကိုတော့ မရောက်သေးဘူးပေါ့နော်။ ULA/AA အနေနဲ့လည်း လုပ်ရကိုင်ရ ခက်ခဲတာတွေ ရှိနေတော့လေ။ အုပ်စုလိုက် ရွာအလိုက် ဆေးပေးခန်းတွေ အလုံးစုံ မဖွင့်နိုင်သေးတော့ လိုအပ်ချက်တွေ အများကြီးကျန်နေသေးတယ်။ နောက်တခုက နယ်စပ်ကနေ ဆေးဝါးတွေကို လွတ်လပ်စွာ သယ်ယူခွင့်မရတာတွေရယ်၊ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုတွေ မရရှိလို့ ကိုယ်ထူကိုယ်ထ လုပ်ရတဲ့ထဲ အိမ်နီးချင်းနိုင်ငံတွေကပါ အမျိုးမျိုး ပိတ်ဆို့တာတွေ လုပ်နေတော့ ပိုပြီး အခက်အခဲရှိတာပေါ့။ တကယ် အကျပ်အတည်းကာလ ဖြစ်တာကြောင့်မို့လို့ နိုင်ငံတကာက အကူအညီတွေ လိုအပ်ပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီကနေ ဧပြီလအတွင်းမှာလည်း AA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ ငှက်ဖျားရောဂါ ဖြစ်ပွားသူပေါင်း ၄၀၀ ကျော် ရှိခဲ့ပါတယ်။

ငှက်ဖျားရောဂါဟာ ခြင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတခုဖြစ်ပြီး မိုးဦးကာလနဲ့ မိုးနှောင်းကာလတွေမှာ အဖြစ်များပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013