DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ် စက်မှုနှင့်စွမ်းအင်ဝန်ကြီး၏ သား ၂ ဦးကို မူးယစ်ဆေးဝါးမှုဖြင့် တရားစွဲဆို
DVB
·
December 4, 2014
ကရင်ပြည်နယ် စက်မှုနှင့်စွမ်းအင်ဝန်ကြီး၏ သား ၂ ဦးကို မူးယစ်ဆေးဝါးမှုဖြင့် တရားစွဲဆို
Donate to DVB

စိတ်ကြွရူးသွပ်ဆေးပြားလက်ဝယ်တွေ့ရှိမှုနဲ့ ကရင်ပြည်နယ် စက်မှုနဲ့ လျှပ်စစ်စွမ်းအင်ဝန်ကြီးရဲ့  သား ၂ ဦးကို နယ်မြေခံရဲ့စခန်းက ဖမ်းဆီး တရားစွဲဆိုထားပါတယ်။

ကရင်ပြည်နယ် စက်မှုနဲ့ လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးစောကြည်လင်းရဲ့သား စောသမောထူး (၂၅ ) နှစ်နဲ့ စောထူးစေးဟဲ (၂၇) နှစ်တို့ အိန္ဒူးအပိုင်ရဲစခန်းကနေပြီး ဒီဇင်ဘာလ ၂ ရက်နေ့က မူးယစ်ဆေးတွေနဲ့ အတူ ဖမ်းဆီးရခဲ့တာဖြစ်ပါတယ်။

သူတို့ ၂ ဦးလုံးကို ဘားအံခရိုင် နောင်လုံအနောက်ကျေးရွာရှိ သူတို့ အစ်မဖြစ်သူနေအိမ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ သူတို့နဲ့အတူ WY စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀ ဖမ်းဆီးမိခဲ့တာလို့ ဘားအံခရိုင် အိန္ဒူးရဲစခန်းမှူး ရဲအုပ်ဇော်နိုင်အောင်က ဒီဗွီဘီကို ပြောပါတယ်။

ကာလတန်ဖိုး ၆ သိန်းဝန်းကျင် ရှိတယ်လို့လည်း ပြောပါတယ်။ သူတို့ကို ဘာအံမြို့နယ် ရဲစခန်းမှာ လက်ရှိထိန်းသိမ်းထားပြီး အိန္ဒူးရဲစခန်းက မူးစိတ်ပုဒ်မ-၁၅/၁၉(က)/၂၁ နဲ့ အမှုဖွင့်ထားတယ်လို့ ရဲအုပ်ဇော်နိုင်အောင်က ဒီဗွီဘီကို ပြောပါတယ်။

သားဖြစ်သူတွေ မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးတရားစွဲဆိုခံရတဲ့အပေါ် ကရင်ပြည်နယ် စက်မှုနဲ့ လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးစောကြည်လင်းကတော့ ဖမ်းဆီးခံရတဲ့ သားတွေဟာ သူရဲ့ အုပ်ထိန်းမှု အောက်မှာမရှိဘဲ အိန္ဒူးက အဖွားဖြစ်သူနဲ့ နေထိုင်နေကြတယ်လို့ ပြောပါတယ်။

သားငယ် စောသမောထူးက ဒီမူးယစ်ဆေးဝါးနဲ့ပတ်သက်မှုရှိတာ မှန်ကန်ပေမယ့် သားကြီး စောထူးစေးကမူ ညီဖြစ်သူ ဘာလုပ်နေတယ်ဆိုတာကို သွားကြည့်ရင်း တပါတည်း ဖမ်းဆီးခံရတာလို့ ဦးစောကြည်လင်းက ပြောပါတယ်။

“ကျနော်ကတော့ ဘာမှမပြောပါဘူး။ တရားဥပဒေဟာ တရားဥပဒေအတိုင်းပဲဖြစ်ရမှာပေါ့။ လက်ညှိုးမကောင်းရင် လက်ညှိုးပဲ။ လက်မ မကောင်းရင်လက်မပဲလေ။ ကျနော့်သားမို့လို့ ဘာညာ ဘာမှ မလုပ်ပါဘူး။ အပြစ်ရှိရင် အပြစ်ရှိသလို အရေးယူပေါ့။ ဒါပေမယ့် အကြီးကောင်ကတော့ သူက ဘာမှ အပြစ်မရှိဘူး။ လာဖမ်းတဲ့သူလည်း အားလုံးသိပါတယ်။ ”

သားကြီဖြစ်သူဟာ ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ပြီး မြန်မာပြည်ပြန်ရောက်တာနဲ့ သာသနာ့ဘောင်ထဲဝင်ခဲ့ကြောင်း ဦးပဇင်းကနေ ထွက်တာ တနှစ်လောက်ပဲ ရှိသေးတယ်လို့လည်း ဦးစောကြည်လင်းက ပြောပါတယ်။

သားတွေ အခုလို မူယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ လက်ရှိနိုင်ငံတော်မှာ ထမ်းဆောင်နေတဲ့လုပ်ငန်းကို ထိခိုက်မှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းတုန်းကလည်း ဘားအံမြို့မှာ သိန်း ၉ ထောင်ကျော် တန်ဖိုးရှိ ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးကို ဖမ်းဆီးရမိခဲ့ဖူးပါတယ်။

ကရင်ပြည်နယ်အတွင်းမှာ မူးယစ်ဆေးဝါးသုံးစွဲမှုတွေ ပိုမိုများပြားလာနေပြီး တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေအပါဝင် အထက်တန်းကျောင်းသူကျောင်းသားတွေပါ သုံးစွဲမှုတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013