DVB Logo
Home
Lead Story
ချယ်ရီမြေက သံမဏိလေဒီ တာကာအိချိ    
DVB
·
October 7, 2025
ချယ်ရီမြေက သံမဏိလေဒီ တာကာအိချိ    
Donate to DVB

ဂျပန်နိုင်ငံ သမိုင်းမှာ  ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်တဦး ပေါ်ပေါက်လာတော့မှာ ဖြစ်ပါတယ်။  ဆာနာအဲ တာကာအိချိဟာ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာကို အားကျသူ၊ ဂျပန်ရဲ့ “သံမဏိလေဒီ” ဖြစ်ဖို့ ရည်မှန်းချက်ထားခဲ့သူ ဖြစ်ပါတယ်။ အရင်က ခေါင်းဆောင်နေရာရွေးပွဲ နှစ်ကြိမ် အရေးနိမ့်ခဲ့ဖူးတဲ့ အသက် ၆၄ နှစ်အရွယ် တာကာအိချိဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့မှာ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ရဲ့ ခေါင်းဆောင်အဖြစ် အရွေးချယ်ခံခဲ့ရပါတယ်။

ဒါ့ကြောင့် မကြာမီမှာ ဂျပန်ဝန်ကြီးချုပ်နေရာ တာဝန်ယူရတော့မှာဖြစ်ပြီး ဒါဟာ အမျိုးသားဦးဆောင်မှုများတဲ့ ဂျပန်သမိုင်းမှာ အစဉ်အလာချိုးဖျက်နိုင်တဲ့ သမိုင်းပြောင်းဖြစ်စဉ်လို့လည်း ဆိုနိုင်ပါတယ်။

ဒါပေမဲ့ ဟဲဗီးမက်တယ်ဒရမ်သမားတယောက်ကနေ အမျိုးသားရေးဝါဒီတယောက် ဖြစ်လာတဲ့ သူ့ရဲ့ဘဝခရီးဟာ သမားရိုးကျမဟုတ်ခဲ့သလို သူရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကလည်း အရမ်းကြီးမားနေပါတယ်။

တာကာအိချိကို ၁၉၆၁ ခုနှစ်၊ နာရာမြို့မှာ မွေးဖွားခဲ့ပြီး ဖခင်က ရုံးဝန်ထမ်း၊ မိခင်က ရဲအရာရှိတယောက် ဖြစ်ပါတယ်။ သူ့ဘဝမှာ ဟဲဗီးမက်တယ် ဒရမ်တီးတာကို ဝါသနာကြီးခဲ့ပြီး ပွဲတွေမှာ ဒရမ်တီးကြမ်းလွန်းတဲ့အတွက် ဒရမ်တုတ်တွေ မကြာခဏကျိုးတတ်လို့ တုတ်အပိုတွေ အများကြီး ဆောင်ထားရသူအဖြစ် ထင်ရှားခဲ့ပါတယ်။ ရေငုပ်တာနဲ့ ကားမောင်းတာကိုလည်း ဝါသနာပါသူတယောက် ဖြစ်ပါတယ်။ သူစီးခဲ့တဲ့ တိုယိုတာဆူပရာကားကို နာရာမြို့ပြတိုက်မှာ ပြသထားပါတယ်။

နိုင်ငံရေးစိတ်ဓာတ်ကတော့ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာမှ နိုးကြားလာခဲ့တာပါ။ အမေရိကန် ကွန်ဂရက်အမတ်တယောက်ရဲ့ ရုံးမှာ အလုပ်လုပ်ရင်း ဂျပန်အပေါ် အမေရိကန်တွေရဲ့ အမြင်တွေကို သူ မကျေမနပ် ဖြစ်ခဲ့ပါတယ်။ ဂျပန်ဟာ ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်သရွေ့ ဂျပန်ရဲ့ ကံကြမ္မာဟာ တခြားသူတွေရဲ့ လက်ထဲမှာပဲ အမြဲရှိနေလိမ့်မယ်လို့ သူက ကောက်ချက်ချခဲ့ပါတယ်။

အဲဒီနောက် ဂျပန်ကိုပြန်လာပြီး လွှတ်တော်ထဲဝင်ဖို့ ကြိုးစားရာမှာ ပထမတကြိမ် ရှုံးနိမ့်ခဲ့ပေမဲ့ ၁၉၉၃ ခုနှစ်မှာတော့ အမတ်ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်ပိုင်း အမတ်အဖြစ် ၁၀ ကြိမ် ရွေးကောက်ခံခဲ့ရပြီး တကြိမ်သာ ရှုံးနိမ့်ခဲ့ဖူးပါတယ်။ ဆယ်စုနှစ် သုံးခုကျော်အတွင်းမှာ ပါတီတွင်း အပြောအဆို အပွင့်လင်းဆုံး ရှေးရိုးစွဲဝါဒီတွေထဲက တယောက်အဖြစ် နာမည်ရလာခဲ့ပါတယ်။ ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ တပည့်ရင်းဖြစ်ပြီး ပြည်ထဲရေးဝန်ကြီး အပါအဝင် အစိုးရထိပ်တန်းရာထူးတွေမှာ တာဝန်ယူခဲ့ပါတယ်။ စစ်ရာဇဝတ်ကောင်တွေ အပါအဝင် ဂျပန်ရဲ့ စစ်ကျဆုံးသူတွေကို ဂုဏ်ပြုထားတဲ့ အငြင်းပွားဖွယ်ရာ ယာဆူကူနီ ဘုရားကျောင်းကိုလည်း ပုံမှန်သွားရောက်လေ့ရှိပြီး နိုင်ငံရဲ့ စစ်တပ်ကို အားကောင်းအောင် လုပ်ဆောင်ဖို့ အမြဲတောင်းဆိုနေသူ ဖြစ်ပါတယ်။

သူ့ရဲ့ လူမှုရေးဆိုင်ရာ အမြင်တွေကလည်း တင်းမာပါတယ်။ လိင်တူလက်ထပ်ထိမ်းမြားမှုကို ဆန့်ကျင်ခဲ့သလို အမျိုးသမီးတွေ လက်ထပ်အပြီးမှာ မူလမျိုးရိုးနာမည်ကို ဆက်သုံးခွင့်ပြုတာတွေကို ဆန့်ကျင်သူပါ။ ဒါပေမဲ့ နောက်ပိုင်း မဲဆွယ်ပွဲတွေမှာတော့ ပိုပျော့ပြောင်းတဲ့ သဘောထားအမြင်မျိုး ထုတ်ပြောခဲ့ပါတယ်။ မဲဆွယ်ပွဲတွေအတွင်းမှာ ကလေးထိန်းစရိတ်တွေကို အခွန်တစိတ်တပိုင်း သက်သာခွင့်ပေးဖို့ ကတိပြုခဲ့သလို ကုမ္ပဏီတွင်းမှာ ကလေးထိန်းဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေကိုလည်း ကုမ္ပဏီခွန် လျှော့ပေါ့ပေးဖို့ အဆိုပြုခဲ့ပါတယ်။

သူ့ရဲ့ မူဝါဒ အဆိုပြုချက်တွေဟာ မိသားစုနဲ့ ကိုယ်တွေ့ အတွေ့အကြုံတွေအပေါ် အခြေခံထားတာဖြစ်ပြီး အဲဒီအထဲမှာ အမျိုးသမီးကျန်းမာရေးအတွက် ဆေးရုံဝန်ဆောင်မှုတွေ တိုးချဲ့တာ၊ အိမ်တွင်းအကူဝန်ထမ်းတွေကို ပိုပြီးတန်ဖိုးထား အသိအမှတ်ပြုတာနဲ့ သက်ကြီးရွယ်အိုတွေ များလာတဲ့ ဂျပန်လူ့အဖွဲ့အစည်းအတွက် စောင့်ရှောက်မှုပုံစံတွေ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်တာတွေ ပါဝင်ပါတယ်။ ကလေး ဒါမှမဟုတ် အသက်ကြီးသူတွေကို ပြုစုစောင့်ရှောက်နေရလို့ အလုပ်ကနေ ထွက်သွားရတဲ့သူတွေ မရှိစေချင်တော့ဘူးလို့လည်း ပြောထားပါတယ်။

သူဟာ မာဂရက်သက်ချာကို အားကျလေးစားတယ် ဆိုပေမဲ့ သူ့ရဲ့ စီးပွားရေးအစီအစဉ်ကတော့ သက်ချာရဲ့ မူဝါဒတွေနဲ့ လုံးဝဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ ဘဏ္ဍာရေးဆိုင်ရာ စည်းကမ်းတင်းကျပ်မှုတွေ အစား “အာဘေးနောမစ်” လို့ခေါ်တဲ့ အစိုးရအသုံးစရိတ် အများအပြား သုံးစွဲပြီး ချေးငွေအတိုးနှုန်းနည်းတဲ့ မူဝါဒကို တာကာအိချိက ပြန်အသက်သွင်းချင်နေပါတယ်။ ဒီအလားအလာကြောင့် ဂျပန်စတော့ဈေးကွက်တွေ မြင့်တက်လာပြီး ယန်းငွေတန်ဖိုးကတော့ ကျဆင်းသွားခဲ့ပါတယ်။

ဒီလို လက်ယာစွန်းဘက်ကို ကူးပြောင်းမှုဟာ အလောင်းအစားကြီးတဲ့ စွန့်စားမှုတခု ဖြစ်ပါတယ်။ သူ့ပါတီအပေါ် ထောက်ခံသူတချို့ အစွန်းရောက် လက်ယာယိမ်းပါတီတွေဆီကို ဘက်ပြောင်းသွားကြချိန်မှာ ဒီမဲဆန္ဒရှင်တွေကို ပြန်ရဖို့ တာကာအိချိအပေါ် LDP ပါတီက လောင်းကြေးထပ်လိုက်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီရွေးချယ်မှုကပဲ ပွတ်တိုက်မှုတွေကို စတင်ဖြစ်ပေါ်စေခဲ့ပါတယ်။ LDP ရဲ့ မဟာမိတ်ညွန့်ပေါင်း Komeito ပါတီကတောင် တာကာအိချိရဲ့ တင်းမာတဲ့ ရပ်တည်ချက်တွေဟာ မဟာမိတ်ဆက်ဆံရေးကို ထိခိုက်စေနိုင်တယ်လို့ သတိပေးထားပါတယ်။ LDP ပါတီဟာ လွှတ်တော်နှစ်ရပ်စလုံးမှာ အမတ်နေရာအများစု ရထားပေမဲ့ ထက်ဝက်မကျော်တဲ့အတွက် ညွန့်ပေါင်းအစိုးရ ဖွဲ့ထားရတာ ဖြစ်ပါတယ်။ ဒါကြောင့် စီးပွားရေး နှေးကွေးမှု၊ လူဦးရေကျဆင်းမှုနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ညွန့်ပေါင်းအစိုးရအတွင်း ပြေလည်မှုမရရင် ဥပဒေပြုရေးမှာ မတိုးသာ၊ မဆုတ်သာ ဖြစ်လာနိုင်ပါတယ်။

ဆာနာအဲ တာကာအိချိကို အောက်တိုဘာ ၁၅ ရက်နေ့လောက်မှာ လွှတ်တော်က ဂျပန်သမိုင်းရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်အဖြစ် အတည်ပြုပေးဖို့ သေချာနေပြီဖြစ်ပေမဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ပြီး ကာလရှည် တာဝန်ယူနိုင်စွမ်း ရှိ၊ မရှိကိုတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013