
၂၀၂၅ ခုနှစ်အတွက် ဇီဝကမ္မဗေဒ သို့မဟုတ် ဆေးပညာဆိုင်ရာ နိုဘယ်လ်ဆုကို ဂျပန်နဲ့ အမေရိကန် သိပ္ပံပညာရှင် ၃ ယောက် ပူးတွဲရရှိသွားပါတယ်။
သူတို့ဟာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ပြင်ပက ရောဂါပိုးတွေကို တိုက်ထုတ်ပြီး ကိုယ့်ရဲ့ ဆဲလ်တွေကို ဘာကြောင့် ပြန်မတိုက်တာလဲဆိုတဲ့ အချက်ကို ဖော်ထုတ်နိုင်ခဲ့လို့ ဒီဆုကို ချီးမြှင့်ခံရတာ ဖြစ်ပါတယ်။
ဒီဆုကို ဂျပန်နိုင်ငံသား ရှီမွန် ဆာကာဂူချီနဲ့ အမေရိကန် သုတေသီတွေဖြစ်တဲ့ မေရီ ဘရွန်ကိုးနဲ့ ဖရက်ဒ်ရမ်းစ်ဒဲလ်တို့ ပူးတွဲရရှိတာဖြစ်ပြီး ဆွီဒင်ခရိုနာ ၁၁ သန်း တန်ကြေးရှိတဲ့ ဆုကြေးငွေကို ခွဲဝေရရှိမှာ ဖြစ်ပါတယ်။
သူတို့ရဲ့ တွေ့ရှိမှုက ကိုယ့်ခုခံအားစနစ်က ကိုယ့်ကိုပြန်တိုက်တဲ့ Autoimmune ရောဂါတွေနဲ့ ကင်ဆာရောဂါတွေအတွက် ကုထုံးအသစ်တွေ ဖော်ထုတ်နိုင်ဖို့ လမ်းဖွင့်ပေးခဲ့ပါတယ်။
သိပ္ပံပညာရှင် ၃ ယောက်ဟာ ခုခံအားစနစ်ရဲ့ “လုံခြုံရေးအစောင့်တွေ” လို့ တင်စားခေါ်ဝေါ်ကြတဲ့ Regulatory T-cells တွေကို ရှာဖွေတွေ့ရှိခဲ့တာပါ။
ဒီဆဲလ်တွေဟာ ခန္ဓာကိုယ်ထဲမှာ လှည့်လည်သွားလာပြီး ကိုယ့်ရဲ့ ကိုယ်တွင်းအင်္ဂါတွေကို မှားယွင်းတိုက်ခိုက်နိုင်တဲ့ တခြားခုခံအားဆဲလ်တွေကို လက်နက်ဖြုတ်သိမ်းပေးတယ် ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
သူတို့ရဲ့ ရှာဖွေတွေ့ရှိမှုဟာ သုတေသနနယ်ပယ်သစ်တခုကို အုတ်မြစ်ချပေးခဲ့ပြီး ဆေးကုထုံးအသစ်တွေ ဖွံ့ဖြိုးတိုးတက်လာစေတယ်လို့ နိုဘယ်လ်ဆုရွေးချယ်ရေး ကော်မတီက ထုတ်ပြန်ခဲ့ပါတယ်။
Source: Reuters










