
ပြင်သစ်ဝန်ကြီးချုပ်သစ် ဆီဘက်ရှန် လာကော့ဂ်နူး ဦးဆောင်တဲ့ အစိုးရသစ်ဟာ ခန့်အပ်ခံရပြီး ၁၄ နာရီအတွင်းမှာပဲ ပြန်လည်နုတ်ထွက်သွားခဲ့ပါတယ်။
သူတာဝန်ယူတာ ၂၆ ရက်ရှိပြီဖြစ်ပေမဲ့ သူ့အစိုးဖွဲ့သစ်ကတော့ ၁၄ နာရီပဲ ခံခဲ့တာ ဖြစ်ပါတယ်။
မဟာမိတ်တွေဘက်ကရော၊ ပြိုင်ဘက်တွေဘက်ကပါ ဒီအစိုးရအဖွဲ့သစ်ကို ဖြုတ်ချမယ်လို့ ဖိအားပေးခဲ့တာကြောင့် နုတ်ထွက်ခဲ့ရတာဖြစ်ပြီး ဒီမတည်မငြိမ်မှုကြောင့် ပြင်သစ် စတော့ခ်ရှယ်ယာတွေနဲ့ ယူရိုတန်ဖိုးလည်း ထိုးကျသွားခဲ့ပါတယ်။
လာကော်နူးဟာ ၂ နှစ်အတွင်း ရာထူးက ဆင်းပေးခဲ့ရတဲ့ ၅ ယောက်မြောက် ဝန်ကြီးချုပ် ဖြစ်ပါတယ်။
လက်ယာစွန်းဝါဒီ National Rally ပါတီကတော့ ကြားဖြတ်လွှတ်တော်ရွေးကောက်ပွဲ ခေါ်ယူဖို့ သမ္မတ အီမန်နျူရယ် မက်ခွန်းကို တောင်းဆိုလိုက်ပါတယ်။
သမ္မတ မက်ခွန်းနဲ့ နီးစပ်တဲ့ မဟာမိတ်တယောက်ဖြစ်သူ လာကော်နူးဟာ နိုင်ငံရေးပါတီ အများအပြားနဲ့ ရက်သတ္တပတ်အတန်ကြာ ညှိနှိုင်းခဲ့အပြီး အောက်တိုဘာ ၅ ရက်မှာ သူ့အစိုးရသစ်အတွက် ဝန်ကြီးတွေ ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
၆ ရက်နေ့မှာ ပထမဆုံး ကက်ဘိနက် အစည်းအဝေးလုပ်ဖို့ စီစဉ်ထားတုန်းမှာပဲ အခုလို နုတ်ထွက်ခဲ့ကြတာ ဖြစ်ပါတယ်။
၂၀၂၂ မှာ သမ္မတ မက်ခွန်း ပြန်အရွေးခံရပေမဲ့ လွှတ်တော်ထဲမှာ ဘယ်ပါတီ၊ ဘယ်မဟာမိတ်အုပ်စုကမှ လူများစုဖြစ်မနေသလို သမ္မတက ရွေးချယ်ခန့်အပ်တဲ့ ဝန်ကြီးချုပ်တွေလည်း ကြာရှည်မခံတဲ့အတွက် ပြင်သစ်နိုင်ငံရေးအကျပ်အတည်း နက်ရှိုင်းလာခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ပြီးခဲ့တဲ့နှစ်မှာ သမ္မတ မက်ခွန်းက လွှတ်တော်ကြားဖြတ်ရွေးကောက်ပွဲ အချိန်စော ကျင်းပခဲ့တဲ့ အခါမှာလည်း ဘယ်ပါတီမှ ပြတ်ပြတ်သားသား မနိုင်ဘဲ လွှတ်တော်ဟာ ပိုအစိတ်စိတ်အမြွှာမြွှာ ဖြစ်လာခဲ့ပါတယ်။
Source: Reuters










