DVB Logo
Home
မြန်မာသတင်း
သမ္မတအပေါ် ပုဂ္ဂိုလ်ရေးတိုက်ခိုက်သည့်စကားလုံးများ မသုံးစွဲရန် အစိုးရသတိပေး
DVB
·
December 4, 2014
သမ္မတအပေါ် ပုဂ္ဂိုလ်ရေးတိုက်ခိုက်သည့်စကားလုံးများ မသုံးစွဲရန် အစိုးရသတိပေး
Donate to DVB

၆ ပွင့်ဆိုင်ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီအချို့မှ တာဝန်ရှိသူတွေက အမြင်သဘောထား တွေပြောဆိုရာမှာ သမ္မတပြောကြားခြင်းမရှိတဲ့ စကားတွေကို သမ္မတပြောကြားသလို ပြောနေဆိုနေကြပြီး အမြင်မတူသူတွေကို ပုဂ္ဂိုလ်ရေးအရ ထိုးနှက်တိုက်ခိုက်ရာရောက်တဲ့ စကားလုံးတွေ သုံးစွဲနေတယ်လို့ အစိုးရက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

u thein sein copyနိုဝင်ဘာလ ၂၅ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်အကြီးအကဲ ၂ ဦးနဲ့ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ် တဦး ပါဝင်တဲ့ ၆ ပွင့်ဆိုင်ဆွေးနွေးဖို့ အတည်ပြုဆုံးဖြတ်လိုက်တဲ့အပေါ် နိုင်ငံရေးပါတီ တာဝန်ရှိသူတွေရဲ့ မီဒီယာတွေမှာ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး အစိုးရက ထုတ်ပြန်လိုက်တာပါ။

ဒါပေမယ့် ဘယ်နိုင်ငံရေးပါတီတွေက တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်တွေဟာ ပုဂ္ဂိုလ်ရေးအရ ထိုးနှက်တိုက်ခိုက်ချက်ဖြစ်နေတယ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း တိတိကျကျ ဖော်ပြ ထားတာ မရှိပါဘူး။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက “သဘောကတော့ မီဒီယာနယ်ပယ်ထဲမှာ နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ ပါတီဝင်တွေ၊ ကိုယ့်လိုလားချက်တွေကို ထွက်ပြောတဲ့အခါမှာ သမ္မတ၊ အစိုးရအဖွဲ့နဲ့ ပတ်သက်တဲ့ဟာတွေမှာ သဘောမတွေ့တာ ရှိကောင်းရှိမှာပေါ့။ ကျနော်တို့ပါတီတွေ ဘက်ကလည်း ကိုယ့်အယူအဆတွေကို ပြောတဲ့အခါမှာ ခံစားချက်တွေနဲ့ပြောတာ ပါကောင်းပါမှာပေါ့။ အဲ့ဒါတွေအပေါ်မှာ လွှမ်းခြုံမိအောင် ပထမအဆင့် ယဉ်ယဉ်ကျေးကျေး အသိပေးတဲ့ အဆင့်ထုတ်ပြန်လိုက်တယ်လို့ ယူဆပါတယ်” လို့ပြောပါတယ်။

ဝါရင့်နိုင်ငံရေးသမားကြီး ဒီမိုကရက်တစ်ပါတီ (မြန်မာ) ခေါင်းဆောင် ဦးသုဝေကတော့ “ယေဘုယျအားဖြင့်ကတော့ နိုင်ငံရေးပါတီမှမဟုတ်ဘူး၊ နိုင်ငံသားတိုင်း လွတ်လပ်စွာပြောပိုင်ခွင့် ရှိတာပဲ။ ဝေဖန်တာကတော့ ဝေဖန်နိုင်တာပဲ။ နိုင်ငံတော်သမ္မတဆိုတာ နိုင်ငံခေါင်းဆောင်ဆိုတော့ လုပ်တာကိုင်တာတွေကို ဝေဖန်တာဆွေးနွေးတာ မြှင့်တင်တာ လုပ်လို့ရတာပေါ့။ ဒါပေမယ့် နိုင်ငံတော်သမ္မတကို ပုဂ္ဂိုလ်ရေးအရ ပြောတာတို့ ဘာတို့ကြတော့လည်း အတိုင်းအတာ တခုတော့ရှိမှာပေါ့။ တမင်ပုတ်ခတ်တာတွေကြတော့ မပြောသင့်ဘူး”လို့ ပြောပါတယ်။

အစိုးရထုတ်ပြန်ချက်မှာတော့ ခုချိန်ဟာ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး တည်ဆောက်နေချိန်ဖြစ်လို့ နိုင်ငံရေးပါတီတွေအနေနဲ့ သတင်းအခြေအမြစ်ကို စိစစ်အတည်ပြုပြီးမှ ပြောဆိုဖို့နဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေရဲ့ အခွင့်အရေးနဲ့ ဂုဏ်သိက္ခာကို အလေးထားဖို့လည်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013