DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းလူသတ်မှု ပထမဆုံးအကြိမ် စွဲချက်တင်ရုံးထုတ်
DVB
·
December 4, 2014
လိပ်ကျွန်းလူသတ်မှု ပထမဆုံးအကြိမ် စွဲချက်တင်ရုံးထုတ်
Donate to DVB

ထိုင်းတောင်ပိုင်း ခိုတောင်ကျွန်း (လိပ်ကျွန်း) က ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံသား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို တရားစွဲဆိုထားတဲ့ အမှုတွဲကို ကော်စမွီခရိုင်တရားရုံးမှာ ဒီကနေ့ မွန်းလွဲပိုင်း ရုံးတင်တော့မယ်လို့ မြန်မာသံရုံးအထူးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

[caption id="attachment_72740" align="alignright" width="406"]ဓာတ်ပုံ - မင်းဦး ဓာတ်ပုံ - မင်းဦး[/caption]

စက်တင်ဘာ ၁၅ ရက်နေ့က ဗြိတိသျှလူမျိုး ၂ ဦး သေဆုံးခဲ့ရမှုမှာ သံသယဖြစ်သူတွေအဖြစ် ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို အောက်တိုဘာလ ၂ ရက်နေ့က စတင် ဖမ်းဆီးချုပ်နှောင်စစ်ဆေးပြီး အမှုတွဲတည်ဆောက်နေရာမှာ ဒီကနေ့ ပထမဆုံးအကြိမ် တရားရုံးကို ရောက်ရှိမှာဖြစ်ပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ မြန်မာသံရုံးအထူးအဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့်က “ကျနော်တို့ ဟိုးအရင် ၈ ရက်နေ့က ပယ်တယ်မဟုတ်လား။ အခုဟာက အဲဒီလိုမဟုတ်ဘူး၊ ရဲတွေရဲ့ အမှုပေါ်မူတည်ပြီး တည်ဆောက်မှုကို အစိုးရရှေ့နေက ထပ်ဆင့် တရားရုံးတင်ခွင့်ပြုလိုက်တဲ့ အတွက်ကြောင့်မို့လို့ ဒီနေ့ တရားရုံးကို အမှုကို စွဲဆိုတင်မယ်ဆိုတဲ့ သဘောပါပဲ” လို့ ပြောပါတယ်။

ဒါကြောင့် တရားရုံးကို စွဲဆိုတင်ဖြစ်ရင်သွားရင်တော့ တရားစွဲသင့်မသင့် ကြားနာဖို့မရှိတော့ဘဲ အမှုစတင်စစ်ဆေးတော့မှာလို့ ဦးအောင်မျိုးသန့်က ရှင်းပြပါတယ်။
“ဒီလိုပါခင်ဗျ။ ပထမဆုံးအကြိမ်ကဆိုရင်တော့ ဒီအမှုနဲ့ပတ်သက်လို့ တရားရုံးနဲ့ သက်ဆိုင်ခြင်းမရှိသေးပါဘူး။ သဘောကတော့ ရဲနဲ့ အစိုးရရှေ့နေလက်ထဲမှာပဲ ရှိပါသေးတယ်။ အခုကတော့ ဒီအမှု တရားရုံးတင်လိုက်ပြီဆိုရင် ဒီအမှုရဲ့ လုပ်ပိုင်ခွင့်အားလုံးက တရားသူကြီးပေါ် မူတည်သွားပါပြီ။ အာမခံပေးတာ၊ ဆက်ချုပ်တာ မချုပ်တာ အားလုံးက ဆုံးဖြတ်ပိုင်ခွင့်ရှိသွားပါပြီ” လို့ ပြောပါတယ်။
အမှုတွဲတင်လို့ အမှုတွဲရပြီဆိုရင် ကြည့်ရှုလေ့လာပြီးတော့ မြန်မာလူငယ်နှစ်ဦးကို အမြန်ဆုံး အာမခံလုပ်ဖို့ စီစဉ်နေတယ်လို့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

ထိုင်း-မြန်မာ သံရုံးအထူးအဖွဲ့ကိုယ်စားလှယ်နဲ့ ထိုင်းရှေ့နေများကောင်စီက ကိုယ်စားလှယ်တွေကတော့ ဒီမနက်ပိုင်းကတည်း ကော်စမွီခရိုင် တရားရုံးမှာ ကြိုတင်သွားရောက်စောင့်ဆိုင်းနေကြပြီ ဖြစ်ပါတယ်။
တရားရုံးကို ရောက်ရှိနေတဲ့ မြန်မာသံရုံးအထူးအဖွဲ့ဝင် ဦးမင်းဦးက “ဒီနေ့က သူတို့အမှုတွဲ တင်ပြီလေ။ အဲဒါကြောင့် ကျနော်တို့လာတာ။ သူတို့ ဘယ်လိုအမှုတွေနဲ့ စွဲထားတယ်ဆိုတာတွေ အသေးစိတ်သိရဖို့ပေါ့။ အရင်က ရဲတွေရဲ့ အထောက်အထားကို မပြည့်စုံလို့ဆိုပြီး တရားရုံးက ပယ်ချထားတာ။ အခုတော့ ပြည့်စုံပြီဆိုပြီး သူတို့က တင်တာလေ။ အခုသူတို့အလှည့် မရောက်သေးဘူး၊ စောင့်နေကြတယ်။ ကျနော်ရယ်၊ ကိုဇော်မင်းဦးရယ်၊ ဘာသာပြန်သူ မအိအိချောရယ်က မြန်မာသံရုံးကိုယ်စားလှယ်အနေနဲ့ပေါ့။ ပြီးတော့ ထိုင်းရှေ့နေ ၂ ယောက်၊ ပြီးတော့ မြန်မာနိုင်ငံကနေ တိုက်ရိုက်လာတဲ့ ရခိုင်လူငယ်ကွန်ရက်အဖွဲ့က ကိုတင်ထူးအောင်ရှိတယ်၊ ဒီကော်စမွီက ရခိုင်လူမှုကူညီရေးအသင်းက လူတွေ စုစုပေါင်း ၁၀ ယောက် လာပါတယ်။”

ဒီမြန်မာလူငယ်နှစ်ဦးအတွက် ထိုင်းရှေ့နေများကောင်စီက ရှေ့နေပေါင်း ၂၀ က လိုက်ပါကူညီဆောင်ရွက်ကြမှာဖြစ်ပါတယ်။
ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ ၂ ဦးက ကနဦးပိုင်း ရဲထံမှာ ပေးထားတဲ့ဖြောင့်ချက်ကို ပြန်ရုပ်သိမ်းထားကြပြီး သူတို့ကို စစ်ဆေးစဉ်မှာ အသက်အန္တရာယ်ခြိမ်းခြောက်လို့ ဖြောင့်ချက်ပေးခဲ့ရတာလို့ ဖြေရှင်းထားပါတယ်။

ဒါနဲ့ပတ်သက်လို့ ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ထိုင်းရဲတပ်ဖွဲကို လာရောက်ဖြေရှင်းဖို့ ဖိတ်ခေါ်ရာမှာ လေးကြိမ်မှာ လာရောက်ခြင်းမရှိပေမယ့် လွန်ခဲ့တဲ့ရက်ပိုင်းကတော့ ထိုင်းရဲတပ်ဖွဲ့က လာရောက်ပြီး ဖြောင့်ချက်ယူစစ်ဆေးစဉ်မှာ ရိုက်နှက်ညှဉ်းပန်းခြင်းမရှိကြောင်း နဲ့ စည်းစနစ်ကျနစွာ စစ်ဆေးခဲ့တာသာဖြစ်ကြောင်း ဖြေဆိုခဲ့ပါတယ်။

ဒီလူငယ် ၂ ဦးရဲ့အမှု တည်ဆောက်မှုတွေနဲ့ပတ်သက်လို့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပြီး ကနဦး တည်ဆောက်ထားတဲ့အမှုတွဲကို ပြီးပြည့်စုံမှု မရှိလို့ ထပ်မံဖြည့်တင်းခိုင်းတာကြောင့် တရားရုံးတင်နိုင်ရေး ကြန့်ကြာခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ ရုံးတင်ဖြစ်မယ်ဆိုရင်တော့ မြန်မာလူငယ်နှစ်ဦးဘက်က လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေတွေအဖို့ ပထမဆုံးအကြိမ် အမှုတွဲကို ဖတ်ရှုခွင့်ရရှိမှာဖြစ်ပါတယ်။

ထိုင်းရဲအာဏာပိုင်တွေအဆိုအရ ဒီလူငယ် ၂ ဦးကို လူသတ်မှု၊ မုဒိမ်းမှု၊ ပြစ်မှုကြီးကျူးလွန်ပြီး လိမ်လည်မှု၊ ခိုးမှုနဲ့ တရားမ၀င်ဝင်ရောက်မှု စတဲ့ပုဒ်မ ၅ ခုနဲ့ စွဲဆိုထားတယ်လို့ သိရှိရပါတယ်။

ဒီအမှုကို မြန်မာအစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်နဲ့ လူ့အခွင့်အရေးကော်မရှင်တို့ကပါ မျှမျှတတကိုင်တွယ်ဆောင်ရွက်ဖို့ ထိုင်းဝန်ကြီးချုပ်ကို တိုက်တွန်းထားကြပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကိုယ်တိုင် ထိုင်းနိုင်ငံကိုလာရောက်ပြီး ထပ်မံတိုက်တွန်းခဲ့ပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ ကနဦးပိုင်းက အစိုးရသက်သေအဖြစ် ထိန်းသိမ်းထားတဲ့ ကိုမောင်မောင်နဲ့ အခြား မြန်မာအလုပ်သမား ၂ ဦးကိုတော့ ကြိုတင်ထွက်ချက်ရယူ ထားကြပြီးဖြစ်ပါတယ်။

အောက်တိုဘာလ ၈ ရက်နေ့က ခိုတောင်အမှုကို အထူးစုံစမ်းရေးရဲတပ်ဖွဲ့က ကော့စမွီခရိုင် ထိုင်းအစိုးရရှေ့နေကောင်စီလက်ထဲကို စာမျက်နှာ ၈၀၀ ပါအမှုတွဲကို အပ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီအမှုကို ကမ္ဘာအနှံ့က စိတ်ဝင်စားနေတဲ့အတွက် ကျစ်လျစ်ခိုင်မာအောင် ပြန်လည်တည်ဆောက်ဖို့ ရဲလက်ထံ ပြန်အပ်ခဲ့ပြီးနောက် တရားရုံးတင်ဖို့ အဆင့်ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013