DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်း ၅ နှစ်ကာလ လပခတွင် စစ်တိုင်းမှူး ၅ ဦးအထိ ပြောင်းလဲခဲ့
DVB
·
October 4, 2025
စစ်အာဏာသိမ်း ၅ နှစ်ကာလ လပခတွင် စစ်တိုင်းမှူး ၅ ဦးအထိ ပြောင်းလဲခဲ့
Donate to DVB

စစ်အာဏာသိမ်း ၅ နှစ်နီးပါးကာလအတွင်း မန္တလေးနန်းတွင်းအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) မှာ စစ်တိုင်းမှူး ၅ ​ယောက်အထိ စစ်ကောင်စီက အပြောင်းအလဲပြုလုပ်ခဲ့ပါတယ်။ 

ပိုပြီးရက်စက်ကြမ်းကြုတ်နိုင်မယ့်သူကို စစ်ခေါင်းဆောင်က နေရာပေးခဲ့တာတွေ့ရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ 

မန္တလေးနန်းတိုင်းအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) မှာ စစ်အာဏာသိမ်းပြီး ၅ နှစ်နီးပါးကာလအတွင်း စစ်တိုင်းမှူး ၅ ယောက်အထိ စစ်ကောင်စီက အပြောင်းအလဲပြုလုပ်ခဲ့တာပါ။ 

စက်တင်ဘာလကုန်ပိုင်းမှာ ရာထူးနေရာတဆင့်တက်သွားတဲ့ ဗိုလ်မှူးချုပ်ကျော်ကိုထိုက်အစား ဗိုလ်မှူးချုပ်တင်မင်းလတ်ကို စစ်ကောင်စီက တာဝန်ပေးခဲ့တာ တွေ့ရပါတယ်။ 

စစ်အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်မှာ လပခကို စတင်တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်ကိုကိုဦးရဲ့ နေရာကို ၂၀၂၃ ခုနှစ်မှာ ဗိုလ်ချုပ်ကြည်ခိုင်ကို စစ်ကောင်စီက ပြောင်းလဲတာဝန်ပေးခဲ့ပြီး ၂၀၂၄ ခုနှစ် ဇွန်လကုန်မှာ ဗိုလ်ချုပ်အောင်ခိုင်ဝင်း၊ ၂၀၂၄ ဩဂုတ်လမှာ ဗိုလ်မှူးချုပ်ကျော်ကိုထိုက်၊ အခု ၂၀၂၅ စက်တင်ဘာလကုန်ပိုင်းမှာ ဗိုလ်မှူးချုပ် တင်မင်းလတ်တို့ အဆင့်ဆင့် ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ 

လက်ရှိတာဝန်ယူထားတဲ့ ဗိုလ်မှူးချုပ် တင်မင်းလတ်ဟာ ဗန်းမော်အခြေစိုက် အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး အချိန်တနှစ်နီးပါးကြာခဲ့တဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ ဗန်းမော်မြို့အား သိမ်းယူဖို့ ကြိုးစားမှုကို စစ်ခေါင်းဆောင်စိတ်တိုင်းကျ တုံ့ပြန်နိုင်ခဲ့သူဖြစ်ပါတယ်။

ဦးတိုး (မတ္တရာPDF) က “လပခနဲ့ပတ်သက်ပြီး ထူးခြားချက်က လပခ ရဲ့ အရင်တိုင်းမှူး လေ့ကျင့်ရေးဘက်ကို ပြောင်းသွားပြီးတော့ ဗန်းမော် စကခ ၂၁ ရဲ့ စကခမှူး တင်မင်းလတ်၊ ဗမက ဆိုတော့ ဗိုလ်မှူးကြီးပေါ့။ တင်မင်းလတ်က မန္တလေးတိုင်း၊ တိုင်းမှူးဖြစ်လာတယ်နော်၊ ၂၃ ရက်နေ့က မှတ်တယ်။ မန္တလေးတိုင်းမှာတော့ လပခမှာတိုင်းမှူး အပြောင်းအလဲတခုရှိလာတယ်၊ ရှမ်းဘက်ကလည်း အဲ့ဒီ ဒကစမှူး နန္ဒထွန်းက အရန်အင်အားပြောင်းရွှေ့သွားပြီးတော့ အခုနောက်တယောက် ဝင်သွားတာလေ။ နောက်တယောက်ဝင်သွားပြီးတော့ အဲ့ဒီမှာ လက်စွမ်းတွေပြနေတာ၊ လေယာဉ်နဲ့ချည်း ဆော်နေတာ။ အဓိကကတော့ သူတို့ရဲ့စစ်ရေးရည်မှန်းချက်တွေ မအောင်မြင်လို့ ဦးဆောင်တဲ့အပိုင်းတွေ ပြောင်းလဲပြီးတော့ လုပ်နေတာပဲဗျ။ ပြောင်းလဲလည်း အခိုက်အတန့်လေးတော့ သူတို့လက်စွမ်းပြတာတို့၊ ခြေစွမ်းပြတာတို့တော့ ရှိမှာပေါ့ဗျာ။ ဒါပေမဲ့ ရေရှည်မှာတော့ မရပါဘူး၊ သူ့ဘာသာ ဘယ်လိုပဲ လူပြောင်းပြီးကစားကစား ဒါကဒါပါပဲ သူတို့က ခြေကုန်နေပြီ” လို့ ပြောပါတယ်။

မြောက်ပိုင်းမဟာ ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးလှိုင်းတွေကြောင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ထိန်းနိုင်ဖို့ စစ်ခေါင်းဆောင်က ပိုပြီးကြမ်းကြုတ်နိုင်တဲ့သူကို အဆင့်ဆင့်ပြောင်းလဲတာဝန်ပေးခဲ့တာဖြစ်ပါတယ်။ 

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ အနောက်ဘက်မှာ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်၊ အရှေ့ဘက်မှာ ရှမ်းပြည်နယ်၊ ကပ်လျက်တည်ရှိနေတဲ့ စစ်ကိုင်း၊ မကွေး မြေလတ်ပိုင်းဒေသအားလုံးကို စစ်ရေးအရ ထိန်းထားတဲ့ စစ်ဌာနချုပ်ဖြစ်တဲ့အတွက် စစ်ကောင်စီအတွက် ဗျူဟာအရ အရေးကြီးတဲ့ စစ်ဌာနချုပ်ဖြစ်ပါတယ်။

မိုးထက်နေ (ဉာဏ်လင်းသစ်သုတေသနအဖွဲ့) က “၅ နှစ်အတွင်းမှာ ၅ ယောက် ပြောင်းတယ်တို့ဘာတို့၊ ခုနောက်ဆုံးပြောတဲ့ တင်မင်းလတ်လား၊ ဗန်းမော်မှာ တော်တော်နာမည်ထွက်တယ်လေ၊ နာမည်ထွက်တယ်ဆိုတာ ကိုယ့်ဘက်က ထွက်တာနာမည်တမျိုးလေ၊ သူတို့ဘက်က ထွက်တာနာမည်တမျိုးလေနော်။ သူတို့ဘက်ကကြတော့ အဲ့ဒီလို လုပ်နိုင်ကိုင်နိုင်စွမ်းရှိတယ်ပေါ့ဗျာ၊ မန္တလေးကိုအပ်တာလည်း အဲ့ဒီလိုကောင်တွေကို အပ်တာလို့မြင်တာပဲ။ နောက်တခုက မန္တလေးကနေ တဆင့် ခုန်ခုန်သွားကြတာလို့ ကျနော်တော့ နားလည်တယ်။ သေချာတာကတော့ဗျာ မန္တလေးက သူတို့အတွက်တော့ အရေးကြီးတာပဲ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကျသွားရင် နေပြည်တော်က ပေါက်သွားပြီပေါ့နော်။ အခုကတော့ သူတို့က လပခအထိုင်ကနေပြီးတော့မှ  တပ်ဖြန့်ပြီးတိုက်နေတာပဲ၊ ကျနော်နားလည်တာကတော့” လို့ ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးနှောင်းပိုင်းမှာ လက်လွှတ်ထားရတဲ့ ဒေသတွေနဲ့တပ်စခန်းတွေကို ပြန်သိမ်းဖို့ စစ်ကောင်စီက စနစ်တကျအားထုတ်နေတာဖြစ်ပြီး ပြန်သိမ်းနိုင်ခဲ့တဲ့နေရာတွေကိုလည်း ဗျူဟာမြောက်ထိန်းနိုင်ဖို့ အချိန်ယူပြင်ဆင်နေတာကို တွေ့ရပါတယ်။ 

ဒေသတွင်းကာကွယ်ရေးအစုအဖွဲ့တွေက သိမ်းယူထားတဲ့နေရာတချို့ကို ပြန်လက်လွှတ်နေရပေမဲ့ မြေပြင်စစ်ရေးမှာ စစ်ကောင်စီကို ဗျူဟာတကျ တုံ့ပြန်နိုင်ဆဲဖြစ်တယ်လို့ ဆိုကြပါတယ်။ 

စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူတွေ အသုံးပြုနိုင်တာကြောင့်သာ တော်လှန်ရေးအင်အားစုတွေက ထင်သလိုခရီးမပေါက်နိုင်သေးတာလို့ ဆိုပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013