DVB Logo
Home
မြန်မာသတင်း
စစ်တကောင်းဒေသက လူနည်းစု ရခိုင်မျိုးနွယ်စုဝင်များ လူ့အခွင့်အ‌ရေး ချိုးဖောက်ခံနေရ
DVB
·
October 3, 2025
စစ်တကောင်းဒေသက လူနည်းစု ရခိုင်မျိုးနွယ်စုဝင်များ လူ့အခွင့်အ‌ရေး ချိုးဖောက်ခံနေရ
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေသမှာ နေထိုင်ကြတဲ့ လူနည်းစု ရခိုင်မျိုးနွယ်စုဝင်တွေ အနေနဲ့ လူ့အခွင့်အ‌ရေး ချိုးဖောက်ခံနေရမှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဆက်တိုက် ကျူးလွန်ခံနေရကာ မလုံခြုံမှုတွေ ဖြစ်လာနေတယ်လို့ စစ်တကောင်းဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေသ၊ ခါကာဆိုရီခရိုင်ရှိ ရခိုင်မျိုးနွယ်စုဝင် မရမာလူမျိုး အသက် ၁၂ နှစ်အရွယ် ၈ တန်းကျောင်းသူတယောက်ကို အမျိုးသား ၃ ယောက်က အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှု ဖြစ်ခဲ့ပါတယ်။

အဲဒီအမှုနဲ့ပတ်သက်ပြီး အဓမ္မပြုကျင့်သူတွေကို ဖမ်းဆီးအရေးယူပေးဖို့အတွက် စစ်တကောင်း ဌာနေတိုင်းရင်းသားတွေဟာ မြို့နယ်အသီးသီးမှာ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုခဲ့ကြတာပါ။

ဒါပေမဲ့ ဆန္ဒပြသူတွေကို ဘင်္ဂလားဒေ့ရှ်စစ်တပ်က ပစ်ခတ်ဖြိုခွင်းလို့ လူ ၇ ယောက်ထက်မနည်း သေဆုံးပြီး လူပေါင်း ၄၀ ကျော် ပြင်းထန်ဒဏ်ရာ ရရှိသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အဲဒီ အုပ်စုဖွဲ့ မုဒိမ်းမှုနဲ့ပတ်သက်ပြီး ကျူးလွန်သူ ၃ ယောက်ထဲက တယောက်ကိုပဲ ဖမ်းဆီးရမိပါသေးတယ်။

ဒါပေမဲ့ သိပ်မကြာခင် စက်တင်ဘာ ၃၀ ရက်က အဲဒီဒေသမှာပဲ အသက် ၁၅ နှစ်အရွယ် ဌာနေတိုင်းရင်းသူ (ဂါရူ) အမျိုးသမီးငယ်တယောက်ကို ဘင်္ဂလားဒေ့ရှ် အမျိုးသားတယောက်က အဓမ္မပြုကျင့်မှု ထပ်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက အတည်ပြု ပြောဆိုပါတယ်။

အဲဒီအမှု ကျူးလွန်သူကိုလည်း လက်ရှိအချိန်အထိ အရေးမယူနိုင်သေးဘူးလို့ သိရပါတယ်။ ဒါကြောင့် လက်ရှိမှာ စစ်တကောင်းဒေသတွင်းမှာ နေထိုင်နေကြတဲ့ လူနည်းစုဖြစ်တဲ့ ရခိုင်မျိုးနွယ်စုဝင်တွေဟာ မလုံခြုံမှုတွေ ရင်ဆိုင်နေရတယ်လို့ စစ်တကောင်းဒေသခံ အမျိုးသမီးငယ်တယောက်က ပြောပါတယ်။

“အရင်တုန်းကဆိုရင် ကျမတို့ဒေသတွေမှာ လွတ်လွတ်လပ်လပ် သွားလို့ရပါတယ်။ ခုဆိုရင် အဲလိုသွားလို့လည်း မရတော့ဘူး။ မိန်းကလေးတွေဆိုရင် မုဒိမ်းကျင့်ခံရတာတွေ၊ ယောကျ်ားလေးတွေဆိုရင် အသတ်ခံရတာတွေ အမြဲဖြစ်နေပါတယ်။ ဒါကြောင့် ရခိုင်မျိုးနွယ်စုတွေ အနေနဲ့ ဘင်္ဂလားဒေ့ရှ်မှာ နေထိုင်နေရတာက အသက်အန္တရာယ် လုံခြုံမှုမရှိပါ၊ ကြောက်လန့်စွာနဲ့ ရင်ဆိုင်နေရတာပါ။ စိုးရိမ်မှုတွေ အများကြီးရှိနေပါတယ်။ ပြဿနာတွေဖြစ်ရင်လည်း တရားမျှတမှုတွေ မရရှိပါ။ တရားဥပဒေက အမျိုးသားရေး၊ ဘာသာရေး ခွဲခြားဆက်ဆံပါတယ်။ ဘက်လိုက်မှုတွေလည်း ရှိပါတယ်။ စာသင်ကျောင်းတွေမှာ ဆိုရင်တောင် မိန်းကလေးတွေအနေနဲ့ လုံခြုံမှုမရှိပါ။ မုဒိမ်းကျင့်တာတွေ ရှိပါတယ်။ အမှန်တရားကို ပြောမယ်ဆိုရင်လည်း ပြောလိုက်ရင် သတ်ပစ်မယ်ဆိုပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်တာတွေ ရှိပါတယ်။ ဒီနေရာမှာ နေရတာက လုံခြုံမှုဆိုတာ လုံးဝမရှိဘူးလို့တောင် ပြောလို့ရပါတယ်။”

မုဒိမ်းမှု ကျူးလွန်သူတွေကို အရေးယူဖို့ ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်းမှုအပြီးမှာ သေဆုံးခဲ့တဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ဌာနေတိုင်းရင်းသားတွေရဲ့ ရုပ်အလောင်းတွေကိုလည်း ဘင်္ဂလားဒေ့ရှ် စစ်တပ်နဲ့ လက်နက်ကိုင်အုပ်စုတွေက မီးရှို့ဖျောက်ဖျက်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောဆိုပေမဲ့ DVB အနေနဲ့ သီးခြားတော့ အတည်မပြုနိုင်သေးပါဘူး။

ဒါ့အပြင် ဂွမ်မာရာမြို့မှာ ရခိုင်မျိုးနွယ်စုဝင်တွေရဲ့ ဈေးဆိုင်ခန်းတွေကို မီးရှိ့ဖျက်ဆီးတာတွေကြောင့် ဆိုင်ခန်းပေါင်း ၆၀ လောက် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရပြီး အနီးအနားရှိ နေအိမ်တွေလည်း မီးလောင်မှုထဲ ပါသွားတယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်တကောင်းဒေသ ရခိုင်မျိုးနွယ်စုဝင်တွေနဲ့ ဘင်္ဂလားဒေ့ရှ် စစ်တပ်ကြား ပဋိပက္ခတွေ ဆက်လက်တင်းမာနေဆဲ ဖြစ်ပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက လူနည်းစု ရခိုင်မျိုးနွယ်စုဝင် ဌာနေတိုင်းရင်းသားတွေ အပေါ်မှာ လူမဆန်စွာ အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါတယ်လို့ အမေရိကန် ရခိုင်လူမှုအဖွဲ့အစည်း (Arakan American Community-AAC) က အောက်တိုဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အလားတူ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂကလည်း ဆန္ဒထုတ်ဖော်ခဲ့ကာ ဘင်္ဂလားဒေ့ရှ်စစ်တပ်က လက်နက်အားကိုးနဲ့ အပြစ်မဲ့ ဌာနေတိုင်းရင်းသား ပြည်သူတွေကို လူမဆန်စွာ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်တဲ့အပေါ်မှာ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့ ဆိုပါတယ်။

တရားမျှတမှုရရှိဖို့ ကြိုးစားလုပ်ဆောင်နေတဲ့ စစ်တကောင်းကျောင်းသားသမဂ္ဂတွေ၊ ဌာနေတိုင်းရင်းသားတွေနဲ့ အတူရပ်တည်ပြီး နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂရဲ့ ဦးဆောင်ကော်မတီဝင်တယောက်က ပြောပါတယ်။

“၈ တန်းကျောင်းသူလေးကို မုဒိမ်းမှုကျူးလွန်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို ထိရောက်မှုရှိစွာ အရေးယူပေးဖို့နဲ့ လက်ရှိ ဆန္ဒပြချိန် ဖြိုခွဲခံရတဲ့ ဒဏ်ရာရ ကျောင်းသားပြည်သူတွေနဲ့ သေဆုံးသွားတဲ့သူတွေအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ အထိုက်တန်ဆုံးတခုကို လုပ်ပေးရပါမယ်။ ပြီးရင် ဒီကိစ္စကို အစိုးရပီသစွာနဲ့ အာရုံစိုက်ပြီး အရင်ဆုံး ကိုင်တွယ်‌ဖြေရှင်းပေးစေလိုပါတယ်။ စစ်တကောင်းတောင်တန်းဒေသက ကျနော်တို့ရဲ့ ညီအစ်ကို မောင်နှမတွေ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ ဝမ်းနည်းကြေကွဲရသလို ကျနော်တို့လည်း ဝမ်းနည်းကြေကွဲရပါတယ်။ ဒါကြောင့်မို့လို သူတို့နဲ့ တသွေးတည်း တသားတည်း အဆုံးထိ တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။”

ဒီကိစ္စတွေအပြင် စစ်တကောင်းဒေသခံ ရခိုင်မျိုးနွယ်စုဝင်တွေနဲ့ ဘင်္ဂါလီတွေကြား လယ်ယာမြေပိုင်ဆိုင်မှု အငြင်းပွားတဲ့ ပြဿနာတွေ ရှိနေပါတယ်။

ဒီရက်ပိုင်းတွင်းမှာပဲ ရွာတော်ခရိုင်၊ နတ်ချောင်းသရီမြို့နယ်၊ မရှက်ချောင်းမှာ လယ်မြေပြဿနာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက သက်မျိုးနွယ်စုဝင် အမျိုးသမီးတယောက် အုပ်စုဖွဲ့ တိုက်ခိုက်ခံရပြီး ဒဏ်ရာအပြင်းအထန် ရရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်တကောင်းဒေသက ရခိုင်မျိုးနွယ်စုဝင်တွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့အတူ စိုးရိမ်ကြောက်လန့်မှုတွေနဲ့ နေနေကြရပြီး နိုင်ငံတကာအနေနဲ့ တရားမျှတမှုရှိစွာ ဆောင်ရွက်ပေးဖို့ မျှော်လင့်နေကြပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013