
ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ ကမ္ဘောဒီးယား အတိုက်အခံ လွှတ်တော်အမတ်ဟောင်း တယောက်ကို ပစ်သတ်ခဲ့သူ ထိုင်းရေတပ်သားဟောင်းကို ထိုင်းတရားရုံးတရုံးက သေဒဏ်နဲ့ ထောင်ဒဏ်တသက် အောက်တိုဘာ ၃ ရက်မှာ ချမှတ်လိုက်ကြောင်း နစ်နာသူမိသားစုရဲ့ ရှေ့နေက ရိုက်တာကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်က ကမ္ဘောဒီးယားနိုင်ငံကနေ အသက် ၇၄ နှစ်ရှိ လင်မ်ကင်မြာဟာ သူ့ဇနီးနဲ့ ညီအစ်ကို တယောက်တို့နဲ့အတူ ဘန်ကောက်ကို ရောက်ရှိလာပြီးနောက် သိပ်မကြာခင်မှာပဲ မြို့ဟောင်းရပ်ကွက်မှာ သတ်ဖြတ်ခံခဲ့ရတာပါ။ ဒီသတ်ဖြတ်မှုအတွက် အသက် ၄၁ နှစ်ရှိ ရေတပ်သားဟောင်း အယ်ကာ့လာ့ခ် ပါအယ်နွိုင်ကို အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။ အယ်ကာ့လာ့ခ်ကို နောက်နေ့မှာပဲ အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံမှာ ဖမ်းမိခဲ့တာပါ။
ထိုင်း ရာဇ၀တ်တရားရုံးဟာ အယ်ကာ့လာ့ခ်ကို ကြိုတင်ကြံစည် ပြင်ဆင်ထားတဲ့ လူသတ်မှုအတွက် သေဒဏ်ချမှတ်ခဲ့ပြီး လူမြင်ကွင်းမှာ သေနတ်ကိုင်ဆောင်မှုနဲ့ သေနတ်ပစ်ဖောက်မှုတွေ အတွက်လည်း အပြစ်ရှိကြောင်း စီရင်ချက်ချခဲ့တယ်လို့ လင်မ်ကင်မြာရဲ့ ဇနီးဘက်က ရှေ့နေ နာ့ဒ်ထာစီရိ ဘာဂ်မန်က ရိုက်တာကို ပြောကြားခဲ့ပါတယ်။
ကမ္ဘောဒီးယားနဲ့ ပြင်သစ် ၂ နိုင်ငံသားဖြစ်တဲ့ လင်မ်ကင်မြာဟာ ထင်ရှားတဲ့ အတိုက်အခံအဖွဲ့ဖြစ်တဲ့ ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါတီရဲ့ အဖွဲ့ဝင်ဖြစ်ပြီး အဲဒီပါတီဟာ နိုင်ငံတော်ပုန်ကန်မှု ကြံစည်မှုတခုကြောင့် ဆိုပြီး ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်မှာ တရားရုံးကနေ ဖျက်သိမ်းခဲ့ပါတယ်။ ပါတီကတော့ လုပ်ကြံဖန်တီးမှုအဖြစ် အဲဒီအချိန်က ပယ်ချခဲ့ပါတယ်။
Source: Reuters











