
အနှစ် ၆၀ ကျော် ချင်ပန်ဇီမျောက်တွေအကြောင်း လေ့လာခဲ့တဲ့ အင်္ဂလိပ်လူမျိုး သတ္တဗေဒပညာရှင် ဂျိန်း ဂွတ်ဒေါလ် ဟာ အသက် ၉၁ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။
အမေရိကန် ဟောပြောပွဲခရီးစဉ်အတွက် ကယ်လီဖိုးနီးယားပြည်နယ်မှာ ရောက်နေစဉ် ဒေါက်တာ ဂွတ်ဒေါလ်က လူ့လောကကို သဘာဝအတိုင်း စွန့်ခွာသွားခဲ့တာပါ။
ချင်ပန်ဇီတွေနဲ့ ပတ်သက်ရင် ကမ္ဘာပေါ်မှာ အထင်ရှားဆုံး ကျွမ်းကျင်သူအဖြစ် သတ်မှတ်ခံထားရတဲ့ သူမက ဒီမျောက်ဝံမျိုးနွယ်ရဲ့ အမူအကျင့်တွေနဲ့ မိသားစုကြား အပြန်အလှန် ဆက်ဆံပုံတွေကို အတူနေထိုင်ပြီး မှတ်တမ်းပြုစုခဲ့ပါတယ်။
၁၉၆၀ ပြည့်လွန်နှစ်တုန်းက ချင်ပန်ဇီတွေ အသားစားတတ်တာနဲ့ ကိရိယာတွေ အသုံးပြုတတ်တာကို ပထမဆုံး တွေ့ရှိခဲ့ပြီးနောက် အဆင့်အမြင့်ဆုံး နို့တိုက်သတ္တဝါတွေရဲ့ စွမ်းဆောင်ရည်အပေါ် ပိုမိုနားလည်စေခဲ့ပါတယ်။
အရှေ့အာဖရိကဒေသက ချင်ပန်ဇီ အထီးတကောင်ဟာ တုတ်ကိုသုံးပြီး တောင်ပို့ထဲက ခြတွေကို တူးဆွနေချိန်မှာ ဂွတ်ဒေါလ် ကိုယ်တိုင် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
အဲဒီအချိန်မတိုင်ခင်အထိ လူတွေကသာ ကိရိယာတွေ အသုံးချနိုင်တဲ့ ဉာဏ်ရည်ကို ပိုင်ဆိုင်ထားတယ် ဆိုပြီး ယူဆခဲ့ကြတာပါ။
အဲဒီလေ့လာတွေ့ရှိချက်က နှစ်ပေါင်းများစွာကြာအောင် လူတွေနားလည်ထားခဲ့တဲ့ သမားရိုးကျ သိပ္ပံဆိုင်ရာ တွေးခေါ်ပုံတွေကို ပြောင်းလဲစေခဲ့ပြီး ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ သိပ္ပံပညာရဲ့ အနာဂတ်အတွက်ပါ ပုံဖော်ပေးနိုင်ခဲ့ပါတယ်။
အဲဒီနောက် ဂွတ်ဒေါလ်က တက်ကြွလှုပ်ရှားသူ ဖြစ်လာခဲ့ပြီး သဘာ၀ပတ်ဝန်းကျင်အရေး အပါအဝင် ဆေးဘက်သုတေသနနဲ့ တိရစ္ဆာန်ရုံတွေမှာ ထိန်းသိမ်းခံထားရတဲ့ ချင်ပန်ဇီတွေကို ပြန်လွှတ်ပေးနိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။
ဒါ့အပြင် သူဟာ တက္ကသိုလ်ဘွဲ့ရတယောက် မဟုတ်ပေမဲ့လည်း ကွင်းဆင်းလေ့လာမှုအရ တွေ့ရှိချက်တွေအပေါ် အခြေခံပြီး PhD ဒေါက်တာဘွဲ့ကို အရယူနိုင်ခဲ့ပါတယ်။
၂၀၀၃ ခုနှစ်တုန်းက ဗြိတိန်အမျိုးသမီး ဂုဏ်ထူးဆောင်ဆု ဒိန်းမ် (Dame) နဲ့ ၂၀၂၅ ခုနှစ်မှာ အမေရိကန်သမ္မတ ပေးအပ်တဲ့ လွတ်လပ်ရေးဘွဲ့တံဆိပ်ကိုဒေါက်တာ ဂွတ်ဒေါလ် အနေနဲ့ ရရှိခဲ့ပါတယ်။
အခုလိုမျိုး သူမ ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတဟောင်း ဘားရတ်ခ် အိုဘားမားနဲ့ အော်စကာဆုရ သရုပ်ဆောင် လီယိုနာဒို ဒီကပ်ပရီယို အပါအဝင် သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့တွေဖြစ်တဲ့ Greenpeace၊ Peta နဲ့ ကုလသမဂ္ဂပါ ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြခဲ့ကြပါတယ်။
၁၉၈၆ ခုနှစ်ကတည်းက အလုပ်အတွက် အဆက်မပြတ် ခရီးထွက်နေရတဲ့အလျောက် အိပ်ရာတခုတည်းကို သုံးပတ်ထက်ကြာအောင် မအိပ်စက်ခဲ့ရဘူးဆိုပြီး ဂွတ်ဒေါလ်က ပြောခဲ့ဖူးပါတယ်။
ဒါကြောင့် ချင်ပန်ဇီတွေနဲ့အတူ အလုပ်လုပ်ရာကနေ လူတွေအကြောင်း သူသိရှိခဲ့တာနဲ့ ပတ်သက်ပြီး “ကျမတို့ဟာ မိမိကိုယ်ကို အလွန်ကွဲပြားတယ်လို့ ယူဆထားတဲ့အတွက် အတော်လေး စိတ်ကြီးဝင်နေခဲ့ကြတယ်” လို့ အင်တာဗျူးတခုမှာ မှတ်ချက်ပေးပါတယ်။
Source: Reuters










