DVB Logo
Home
မြန်မာသတင်း
ပီအာကျင့်သုံးမှု ဖွဲ့စည်းပုံနှင့် ညီမညီ ခုံရုံးက ဆုံးဖြတ်ပေးရန် အမတ်များ တောင်းဆို
DVB
·
December 3, 2014
ပီအာကျင့်သုံးမှု ဖွဲ့စည်းပုံနှင့် ညီမညီ ခုံရုံးက ဆုံးဖြတ်ပေးရန် အမတ်များ တောင်းဆို
Donate to DVB

အမျိုးသားလွှတ်တော်မှာ အချိုးကျကိုယ်စားပြုစနစ် (ပီအာ) စနစ် ကျင့်သုံးဖို့ ဆုံးဖြတ်ခဲ့မှုဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ကိုက်ညီခြင်းရှိမရှိ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက အဆုံးအဖြတ်ပေးဖို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေက လက်မှတ်ထိုးတောင်းဆို လိုက်ပါတယ်။

national parlimentအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ၂၆ ဦးက သူတို့ရဲ့ တောင်းဆိုချက်ကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ထံကနေတဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဆီ ပေးပို့ခဲ့တာပါ။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က “ဒီဇင်ဘာ ၁ ရက်နေ့က တင်ပြီးသွားပြီဗျ။ ကျနော်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို တင်တာ။ အခု အမျိုးသားလွှတ်တော်မှာ ပီအာစနစ်ကို ကျင့်သုံးဖို့ စီစဉ်ဆောင်ရွက်တာရယ်၊ ပီအာစနစ်အတွက် တင်ပြထားတဲ့ ရွေးကောက်ပွဲဒီဇိုင်းပုံစံ နှစ်ခုစလုံးဟာ အခု မြန်မာနိုင်ငံမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ အဆုံးအဖြတ်ပြုပေးဖို့ဆိုပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးကို တင်တာ။ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီတွေက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂၆ ယောက် လက်မှတ်ရေးထိုးပြီးတော့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဆီကနေ ခုံရုံးကို တင်ဖို့ ဥက္ကဋ္ဌဆီကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့က လက်မှတ်ထိုးပြီး တင်လိုက်ပြီ” လို့ ပြောပါတယ်။

လုပ်ထုံးလုပ်နည်းအရ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို တိုက်ရိုက်တန်းတင်လို့ မရဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၄ နဲ့ ၁၅ (ဃ) အရ လွှတ်တော်ကိုယ်စားလှယ်တွေက တင်ချင်ရင် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်ဦးရေရဲ့ ၁၀ ရာခိုင်နှုန်းက လက်မှတ်ရေးထိုးပြီး ဥက္ကဋ္ဌကနေတဆင့် တင်ခွင့်ပြုထားပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂၁၅ ဦးရှိတဲ့အနက် ခိုင်လုံလက်မှတ် ၂၂ ခုရရင် တင်နိုင်မှာဖြစ်တာကြောင့် အခုကောက်ခံရရှိတဲ့ ၁၀ ရာခိုင်နှုန်းကျော် ဦးရေဖြစ်တဲ့ ၂၆ ဦး လက်မှတ်နဲ့ တင်ခဲ့တာဖြစ်ပါတယ်။

ဘာကြောင့် တင်ပြတောင်းဆိုတာလဲဆိုတာကို ဦးအောင်ကြည်ညွန့်က ခုလို ရှင်းပြပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေက အဓိကအားဖြင့် ပုဒ်မပေါင်း ၁၄ ခုလောက်မှာ အခု ပီအာစနစ်ကို ကျင့်သုံးတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်မှုမရှိဘူးဆိုတာကို သုံးသပ်ပြီးတော့ အဲဒါနဲ့ယှဉ်တွဲပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ညိနှိုင်းပြီးတော့ အဆုံးအဖြတ်ပြုပေးဖို့ တင်လိုက်တာဗျ” လို့ ပြောပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၀ ရာခိုင်နှုန်းက တင်ပြရင် ဆောင်ရွက်ပေးရမှာဖြစ်ပေမယ့် ခုံရုံးထံ တိုက်ရိုက်မေးမြန်းခွင့်မရှိတာကြောင့် မေးမြန်းနိုင်ခွင့်ရှိသူ ၆ ဦးထဲမှာ ပါဝင်တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဥက္ကဋ္ဌထံကတဆင့် တင်ပြတောင်းဆိုကြတာဖြစ်ပါတယ်။

လုပ်ထုံးလုပ်နည်းအရ ခုံရုံးက စိစစ်ရေးအဖွဲ့တွေ ဖွဲ့စည်းဆောင်ရွက်မှာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေထံ ဆင့်စာပြန်လည်ပေးပို့မှာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေက ဥပဒေရေးရာအချက်အလက်တွေကို တင်ပြဖို့အတွက် မန္တလေးမြို့က တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်သန်းကို ကိုယ်စားလှယ်ပါဝါ လွှဲအပ်ထားပါတယ်။

အချိုးကျကိုယ်စားပြုမှုစနစ် (ပီအာ) ကျင့်သုံးရေးနဲ့ပတ်သက်လို့ ပြည်သူ့လွှတ်တော်မှာရော၊ အမျိုးသားလွှတ်တော်မှာပါ အမျိုးသားဒီမိုကရေစီအင်အားစု ကိုယ်စားလှယ်တွေက အဆိုပြုတင်ပြခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်က ပီအာစနစ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီဘူးလို့ ဆုံးဖြတ်ခဲ့ပေမယ့် အမျိုးသားလွှတ်တော်မှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီတယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒါနဲ့ပတ်သက်လို့ ဦးအောင်ကြည်ညွန့်က “ဒီလိုဗျ၊ အဲဒါက ရွေးကောက်ပွဲ ရွေးချယ်ပုံစနစ် မတူတာဗျ။ ပြည်သူ့လွှတ်တော်ကျတော့ မြို့နယ်ပေါင်း ၃၃၀ က တမြို့နယ်ကို ၁ ယောက် ရွေးချယ်ရမယ်ဆိုပြီးတော့ ပြည်သူ့လွှတ်တော်ကို ဖွဲ့စည်းတာဖြစ်တော့ မဲဆန္ဒနယ် ၁ နယ်ထဲက တယောက်ပဲဖြစ်တဲ့အတွက် ပီအာ ဘယ်လိုမှ ကျင့်သုံးလို့ မရဘူးဆိုတာက ရှင်းတယ်ဗျ။ ကျနော်တို့ အမျိုးသားလွှတ်တော်ဖွဲ့စည်းပုံကျတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက အားလုံး တူညီတဲ့အရေအတွက်နဲ့ ၁၂ ယောက်စီနဲ့ ဖွဲ့စည်းတာလို့ ပြဋ္ဌာန်းထားတာဖြစ်တဲ့အတွက် ဒါကြောင့် သူက မဲဆန္ဒနယ်မြေ အများဖြစ်တဲ့ စနစ်မျိုးဖြစ်တယ်လို့ ယူဆပြီးတော့ ပီအာစနစ် ကျင့်သုံးဖို့ အမျိုးသားလွှတ်တော်က မဲခွဲဆုံးဖြတ်ပြီး အတည်ဖြစ်သွားတာ” လို့ ရှင်းပြပါတယ်။

အချိုးကျကိုယ်စားပြုမှုစနစ် (ပီအာ) ဟာ ပါတီအလိုက်ရရှိတဲ့ ဆန္ဒမဲအရေအတွက် စုစုပေါင်းရဲ့ ရာခိုင်နှုန်းပေါ် မူတည်ပြီး အမတ်ဦးရေ အချိုးကျရရှိမယ့် ရွေးကောက်ပွဲစနစ်ဖြစ်ပါတယ်။

အဲဒီစနစ်ကို လက်ရှိ မဲအများစုရသူ အနိုင်ရစနစ်နေရာမှာ အစားထိုးကျင့်သုံးဖို့ ရန်ကုန်တိုင်း၊ မဲဆန္ဒနယ် အမှတ် ၁ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ဇွန်လအတွင်း အမျိုးသားလွှတ်တော်ထံ အဆိုတင်သွင်းခဲ့ပါတယ်။ ဒီစနစ်ကို လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားနိုင်ငံ ရေးပါတီတွေက ကန့်ကွက်ခဲ့ကြပေမယ့် မဲခွဲဆုံးဖြတ် အတည်ဖြစ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013