DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ရွှေဈေး ဆက်တက်သော်လည်း မြန်မာ့ရွှေဈေး အနည်းငယ်ပြန်ကျ
DVB
·
October 2, 2025
ကမ္ဘာ့ရွှေဈေး ဆက်တက်သော်လည်း မြန်မာ့ရွှေဈေး အနည်းငယ်ပြန်ကျ
Donate to DVB

နိုင်ငံတကာဈေးကွက်မှာ ကမ္ဘာ့ရွှေဈေး ဆက်လက်မြင့်တက်နေပေမဲ့ ပြည်တွင်းရွှေဈေးကတော့ ဈေးအနည်းငယ် ပြန်ကျဆင်းလာပါတယ်။

စက်တင်ဘာ ၃၀ ရက်က တအောင်စကို ဒေါ်လာ ၃,၈၄၅ ဝန်းကျင်ထိ အမြင့်ဆုံးရောက်ခဲ့တဲ့ ကမ္ဘာ့ရွှေဈေးဟာ အောက်တိုဘာ ၁ ရက်နေ့မှာ တအောင်စကို ဒေါ်လာ ၃,၈၉၀ အထက်ထိ စံချိန်တင် ဆက်လက်မြင့်တက်ခဲ့ပါတယ်။

အခုလို ကမ္ဘာ့ရွှေဈေးက တရက်အတွင်း ဒေါ်လာ ၄၀ ဝန်းကျင် မြင့်တက်ခဲ့ပေမဲ့ မြန်မာ့ရွှေပေါက်စျေးကတော့ စက်တင်ဘာ ၃၀ ရက်မှာ ကျပ် ၈၁ သိန်းဝန်းကျင်အထိ အတက်ရှိခဲ့ပြီး အောက်တိုဘာ ၁ ရက် ညနေပိုင်းမှာ ၈,၀၃၀,၀၀၀ ကို ဈေးပြန်ကျနေပါတယ်။

ကမ္ဘာ့ရွှေဈေးတက်ပေမဲ့ အမေရိကန်ဒေါ်လာဈေး ကျလာတာကြောင့် မြန်မာ့ရွှေဈေး အနည်းငယ် ပြန်ကျလာတာ ဖြစ်တယ်လို့ ဈေးကွက်လေ့လာသူတွေက သုံးသပ်ကြပါတယ်။

အမေရိကန်ဒေါ်လာဈေးဟာ စက်တင်ဘာ ၃၀ ရက် မနက်ပိုင်းက မြန်မာငွေ ၄,၁၄၀ ကျပ် ရှိခဲ့ပေမဲ့ အောက်တိုဘာ ၁ ရက် ညနေပိုင်းမှာ ၄,၀၈၀ ထိ ပြန်ကျနေတာပါ။

ဈေးကွက်လေ့လာသူတယောက်က “ကမ္ဘာ့ဈေးက စံချိန်တင်တက်တယ်။ ဒေါ်လာက ဈေးကျနေတယ်။ တကယ်လို့ ကမ္ဘာ့ဈေးသာ အကျဘက်သွားရင် ရွှေဈေးလည်း ပြန်ကျသွားနိုင်တယ်” လို့ မှတ်ချက်ပြုပါတယ်။

အခုလို ပြင်ပဈေးကွက်မှာ ရွှေဈေးဟာ တကျပ်သားကို ကျပ်သိန်း ၈၀ အထက်ကို ရောက်နေပေမဲ့ စစ်ကောင်စီရဲ့ ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီရဲ့ အောက်တိုဘာ ၁ ရက် မနက်ပိုင်း ဈေးဖွင့်လှစ်မှုမှာတော့ တကျပ်သားကို ၅,၉၉၀,၀၀၀ ကျပ်ပဲ သတ်မှတ်ထားတာ တွေ့ရပါတယ်။ ဒါကြောင့် စစ်ကောင်စီ သတ်မှတ်ဈေးဟာ သိန်း ၂၀ နီးပါး ကွာဟနေပါတယ်။

အဲဒီလိုပဲ အခြေခံလူတန်းစားတွေ အဓိက စားသုံးတဲ့ စားအုန်းဆီလည်း တပိဿာကို ၆,၀၀၀ ကျပ် ဝန်းကျင် သတ်မှတ်ထားပေမဲ့ ပြင်ပမှာတော့ ကျပ် ၁၀,၀၀၀ ကျော် ဈေးပေါက်နေပါတယ်။

ဒါ့အပြင် တခြား စားသောက်ကုန်ဈေးနှုန်းတွေကလည်း ကြီးမြင့်နေတာကြောင့် ဝန်ထမ်းတွေ အပါအဝင် ပြည်သူလူထုအနေနဲ့ ဝင်ငွေနဲ့ မလောက်ငတာ ကြုံနေရပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ အောက်တိုဘာလကစပြီး နိုင်ငံ့ဝန်ထမ်းတွေနဲ့ အငြိမ်းစား ဝန်ထမ်းတွေအတွက် အပိုထောက်ပံ့ကြေး ၃၀,၀၀၀ ကျပ် ထပ်မံတိုးမြှင့်လိုက်တယ်လို့ ကြေညာလိုက်တာကြောင့် အခြေခံကုန်စည်ဈေးနှုန်းတွေ ထပ်မံမြင့်တက်လာမှာကို ပြည်သူလူထုအကြား စိုးရိမ်မှုတွေ ဖြစ်ပေါ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013