DVB Logo
Home
မြန်မာသတင်း
Justice For Myanmar အဖွဲ့ ဆွီဒင်ကပေးအပ်သည့် Right Livelihood Award ရရှိ
DVB
·
October 2, 2025
Justice For Myanmar အဖွဲ့ ဆွီဒင်ကပေးအပ်သည့် Right Livelihood Award ရရှိ
Donate to DVB

မြန်မာအာဏာသိမ်းစစ်တပ်ရဲ့ ပြည်သူအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်တပ်ကို တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက် ထောက်ပံ့ကူညီပေးနေတဲ့ နိုင်ငံတကာ အစိုးရတွေ၊ အဖွဲ့အစည်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ အကြောင်းကို စုံစမ်းဖော်ထုတ်နေတဲ့ Justice For Myanmar (JFM) အဖွဲ့ဟာ ၂၀၂၅ ခုနှစ်အတွက် Right Livelihood Award ဆု ရရှိသွားပါတယ်။

JFM ဟာ ဒီဆုကို ပစိဖိတ်ကျွန်းများနိုင်ငံ၊ ဂူအမ်၊ ထိုင်ဝမ်နဲ့ ဆူဒန်တို့က သဘာဝပတ်ဝန်းကျင်အရေး အတွက် ဆောင်ရွက်သူတွေ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ကူညီထောက်ပံ့သူတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီတဲ့ အဖွဲ့တွေနဲ့ အတူ ပူးတွဲရရှိခဲ့တာပါ။

JFM ဟာ သူတို့ရဲ့ သတ္တိနဲ့ အကျင့်ပျက်ခြစားနေတဲ့ မြန်မာစစ်တပ်က ရနေတဲ့ နိုင်ငံတကာ အကူအညီတွေကို လျော့ပါးစေတဲ့ သူတို့ရဲ့ ရှေ့ဆောင်စုံစမ်းဖော်ထုတ်တဲ့ နည်းလမ်းတွေကြောင့် ဒီဆုကိုရတာလို့ ဆုပေးအပ်တဲ့ ဆွီဒင်နိုင်ငံ အခြေစိုက် Right Livelihood Award ဖောင်ဒေးရှင်းက ထုတ်ပြန်ပါတယ်။

စစ်တပ်ရဲ့ အကြမ်းဖက် အာဏာသိမ်းကြိုးပမ်းမှု စတင်ခဲ့ပြီး ၅ နှစ်နီးပါးကြာတဲ့အထိ ကြီးစွာသော ကိုယ်ကျိုးစွန့် ပေးဆပ်မှုတွေနဲ့ စစ်အုပ်စုကို ဂုဏ်ရောင်ပြောင်မြောက်စွာ ဆန့်ကျင် တော်လှန်နေတဲ့ မြန်မာပြည်သူတွေရဲ့ အံမခန်း သတ္တိဗျတ္တိကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီဆုကို လက်ခံရယူပါတယ်လို့ JFM က ထုတ်ပြန်ပါတယ်။

အခုလိုဆုရရှိတာနဲ့ပတ်သက်ပြီး Justice For Myanmar တာဝန်ရှိသူတယောက်က “ဒီဆုကို လက်ခံရယူတာဟာ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုအတွက် မြန်မာပြည်သူတွေရဲ့ ရုန်းကန်ကြိုးပမ်းမှုတွေကို ကမ္ဘာကြီးက မေ့လျော့ထားခြင်းမရှိကြောင်းပြသတဲ့ ခွန်အားပါတဲ့ အသိပေးနှိုးဆော်ချက်တရပ် ဖြစ်စေပါတယ်။ အခုလိုအသိအမှတ်ပြုမှုဟာ ကျွန်ုပ်တို့တဖွဲ့တည်းအတွက်သာ မဟုတ်ဘူးလို့ နားလည်ထားပါတယ်။ ဒီဆုဟာ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကို ဆန့်ကျင်ပြီး၊ ဒီမိုကရေစီနဲ့ လူ့လောကအတွက် ကာကွယ်ရပ်တည်ရင်း အသက်ခန္ဓာ ပေးဆပ်ခဲ့ကြတဲ့ မြန်မာနိုင်ငံတွင်းက မရေတွက်နိုင်သောပြည်သူတွေအတွက် ဖြစ်တယ်။ ဒီဆုဟာ စစ်အုပ်စုကို အံ့မခန်း သတ္တိ၊ ပေးဆပ်မှု၊ ဂုဏ်သိက္ခာတို့နဲ့ ဂုဏ်ရောင်ပြောင်မြောက်စွာ ဆက်လက်ဆန့်ကျင်နေသူတွေအတွက် ဖြစ်ပါတယ်။ အဲဒီပုဂ္ဂိုလ်တွေကို ဂုဏ်ပြုစွာနဲ့ ဒီဆုကို လက်ခံရယူပါတယ်”လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။  

Right Livelihood Award ကို ဆွီဒင်နိုင်ငံမှာ ၁၉၈၀ ပြည့်နှစ်ကတည်းက စတည်ထောင်ပြီး ကမ္ဘာတဝန်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး၊ လူ့အခွင့်အရေး၊ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ကျန်းမာရေး၊ ပညာရေးနဲ့ ငြိမ်းချမ်းရေး စတဲ့ကဏ္ဍတွေ ဆောင်ရွက်နေကြသူတွေထဲက ရွေးချယ်ပြီး နှစ်စဉ် ဆုချီးမြှင့်တာ ဖြစ်ပါတယ်။

နှစ်ပေါင်း ၄၅ နှစ်အတွင်း နိုင်ငံပေါင်း ၈၁ နိုင်ငံမှ ဆုရှင်ပေါင်း ၂၀၃ ယောက်ကို Right Livelihood Award ဆုချီးမြှင့်ထားပြီး မြန်မာနိုင်ငံအတွက်တော့  Justice For Myanmar အဖွဲ့က   ပထမဆုံးအကြိမ် ဆုချီးမြှင့်ခံရတာ ဖြစ်ပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013