
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ ပညာရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ “ပန်းများဝေစည် အမိမြေမဟီ” ကမ်ပိန်းကို ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက စတင်လိုက်ပါတယ်။
ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂကနေပြီး ပြုလုပ်တဲ့ ပညာရေးအစီအစဥ်တွေမှာ အသုံးပြုဖို့ ရည်ရွယ်ပြီး ဒီကမ်ပိန်းကို ပြုလုပ်တာလို့ ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
အဆိုပါကမ်ပိန်းကို ပညာရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ ကျပ် သိန်း ၇၀ လောက် ရရှိအောင် မျှော်မှန်းထားပြီး ကမ်ပိန်းကာလကို စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၂၈ ရက်အထိ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
ထားဝယ်တက္ကသိုလ်ကျာင်းသားများသမဂ္ဂကနေ ဦးဆောင်ပြီး ကျောင်းသား/သူဦးရေ ၇၀ ကျော်နဲ့ အခြေခံပညာမူလတန်းအဆင့် ကျောင်းတကျောင်း ဖွင့်လှစ်ထားကာ တခြားကျောင်းတွေကိုလည်း အကူအညီပေးနေတာတွေ ရှိတယ်လို့ သမဂ္ဂဆီက သိရပါတယ်။
လက်ရှိမှာတော့ ပကတိအနေအထားအရ စေတနာ့ဝန်ထမ်း အခက်အခဲ ကြုံလာရတာကြောင့် Online နဲ့ On ground ကို အသုံးပြုသင်ကြားတဲ့ ပညာရေးပုံစံကို လုပ်ဆောင်နေတယ်လို့ သမဂ္ဂဆီက သိရပါတယ်။
“ပန်းများဝေစည် အမိမြေမဟီ” ကမ်ပိန်းမှာ ပြည်သူလူထုအနေနဲ့ တတ်နိုင်သလောက် “Dawei University Students’ Union - ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ” ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ တတ်နိုင်သလောက် ပါဝင်လှူဒါန်းပေးကြဖို့ တောင်းဆိုထားပါတယ်။










