
ရခိုင်ပြည်နယ် မြောက်ဦးမှာ လမ်းဧရိယာနဲ့ ထိစပ်နေတဲ့ ဈေးဆိုင်ခန်းတွေကို ရက္ခိုင့် အမျိုးသားအဖွဲ့ချုပ် (ULA) က စက်တင်ဘာ ၂၀ ရက် နောက်ဆုံးထား ဖြိုဖျက်ခိုင်းတဲ့အတွက် လက်လုပ်လက်စား ဒေသခံတွေ အခက်တွေ့နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မြောက်ဦးမြို့နယ်က လမ်းဧရိယာနယ်နိမိတ်နဲ့ ထိစပ်တယ်ဆိုပြီး ဈေးဆိုင်ခန်းတွေကို မြောက်ဦး မြို့နယ်အုပ်ချုပ်ရေးဌာနက ဖြိုဖျက်ခိုင်းထားတဲ့အတွက် လုပ်ကိုင်စားသောက်ဖို့ ခက်ခဲနေကြတယ်လို့ မြောက်ဦးမြို့နယ်က ဈေးဆိုင်ရောင်းချနေသူတယောက်က ပြောပါတယ်။
“ပြောမယ်ဆိုရင် လမ်းနဲ့နီးလို့ လမ်းဧရိယာထဲကို ဝင်တဲ့အတွက် ဆိုင်ခန်းတွေကို ဖြိုခိုင်းတာ။ အုပ်ချုပ်ရေးဌာနက ဒီလထဲ ရက်ချိန်းနဲ့ အပြီးဖျက်ရမယ်၊ မဖျက်ရင် အရေးယူမယ်ဆိုပြီး စာ ပို့ပါတယ်။ ဒီနေရာတွေမှာ ကျနော်တို့ လုပ်စားလာတာ ကြာပါပြီ။ အခုလို ဖြိုဖျက်ရမယ်ဆိုတော့ အခုလို အစစအရာရာ ခက်ခဲတဲ့ စစ်ရေးကာလမှာ ကျနော်တို့လို တနေ့လုပ်မှ တနေ့စားရတဲ့ လက်လုပ်လက်စားတွေ အနေနဲ့ တကယ်ကို အခက်အခဲဖြစ်သွားတယ်။”
လမ်းဧရိယာအတွင်း ဈေးဆိုင်ခန်းတွေ ဆောက်လုပ်ထားတဲ့အထဲမှာ ULA/AA နဲ့ နီးစပ်တဲ့ ဆွေမျိုး တွေ၊ နီးစပ်သူတွေ ပါဝင်ပေမဲ့ ဖြိုဖျက်ခိုင်းခြင်း မရှိဘူးလို့ မြောက်ဦးမြို့ခံ အမျိုးသမီးတယောက်က ပြောပါတယ်။
“ဖြိုရမယ်ဆိုလည်း တန်းတူညီမျှ တယောက်မကျန် ဖြိုရမှာ၊ အခုက တချို့ ULA/AA နဲ့ နီးစပ်တဲ့ ဆွေမျိုးတွေကျတော့ မဖြိုဖျက်ဘူးဆိုတော့ တရားမျှတမှု မရှိဘူး။ နောက်တခုက ဒီနေရာတွေကို ဈေးမရောင်းရ၊ ဆိုင်မဖွင့်ရလို့ သတ်မှတ်ရင် ဒီလူတွေအတွက် နေရာအသစ် ချပေးသင့်ပါတယ်။ မသင့်တော် လူမရောက်တဲ့ နေရာတွေ ချပေးလို့တော့ ဘယ်ရပါမလဲ။”
အရင် စစ်ကောင်စီလက်ထက်က လမ်းဧရိယာနဲ့ ရှေးဟောင်း သာသနာ့နယ်မြေတွေမှာ ဈေးဆိုင် တွေ၊ နေအိမ်တွေ ဆောက်လုပ်ခွင့်မရှိလို့ တားမြစ်ခဲ့ပေမဲ့ ထိရောက်မှုမရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အာရက္ခ တော်လှန်ရေးအစိုးရဘက်ကတော့ အခုလို ဖျက်ခံထိသွားတဲ့ စျေးသည်နဲ့ ကားရေဆေး၊ ဝပ်ရှော့ စတာတွေကိုတော့ အရင်ကားဂိတ်ဟောင်း ထမင်းရိတ်(ထမ္မရာဇ်) ဘက်ရှိ ရထားလမ်းနယ် မှာ နေရာချပေးနေကြောင်း အုပ်ချုပ်ရေးနဲ့ နီးစပ်သူကလည်း ပြောပါတယ်။
လက်ရှိ ULA/AA အတင်းဖြိုဖျက်ခိုင်းလို့ တချို့စျေးသည်တွေ ဖြိုနေရပေမဲ့ တချို့မှာ လက်ရှိချိန်ထိ ရောင်းနေဆဲလို့ သိရပါတယ်။
အခုလို မြောက်ဦးအုပ်ချုပ်ရေးဌာနက ဖြိုဖျက်ခိုင်းတဲ့အတွက် လက်ရှိမှာ ဆိုင်ခန်းတချို့ ဖြိုဖျက် နေရပြီး စားဝတ်နေရေး ခက်ခဲနေတယ်လို့ ဈေးရောင်းသူတွေက ပြောပါတယ်။











