
စစ်တပ်အာဏာသိမ်းထားတဲ့ ၄ နှစ်ကျော်ကာလအတွင်း ကရင်နီပြည်နယ်နဲ့ ကယန်းဒေသမှာ စစ်ရေး၊ နိုင်ငံရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကြောင့် အရပ်သားနဲ့ စစ်ရှောင်ပြည်သူ အယောက် ၈၀၀ ကျော် သေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က အောက်တိုဘာ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
၂၀၂၅ ခုနှစ် ၉ လတာကာလအတွင်းမှာတင် အရပ်သားနဲ့ စစ်ရှောင်ပြည်သူ အယောက်ပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ပြီး တိုက်ပွဲပေါင်း အကြိမ် ၁၅၀ ထိ ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒ့ါအပြင် ကရင်နီပြည်နယ်နဲ့ ကယန်းဒေသမှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ စာသင်ကျောင်းပေါင်း ၃၀ နဲ့ ဆေးရုံဆေးခန်းပေါင်း ၁၉ ခု ပျက်စီးဆုံးရှုံးခဲ့ရပြီး စစ်ကောင်စီဘက်က တိုက်လေယာဥ်နဲ့ ရဟတ်ယာဥ် ၄ စင်း ဆုံးရှုံးထားကာ စစ်သားအယောက် ၃,၉၀၀ ကျော် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
လက်ရှိ ကရင်နီပြည်နယ်မှာ ရွေးကောက်ပွဲကြောင့် စစ်တပ်က စစ်မျက်နှာ ၃ ခုဖွင့်ပြီး ထိုးစစ်ဆင်လာတဲ့အတွက် ဘောလခဲ၊ မိုးဗြဲနဲ့ ဖယ်ခုံဘက်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
စစ်မျက်နှာပြင် အနီးနားမှာရှိနေမဲ့ ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိကြဖို့နဲ့ တော်လှန်ရေးတပ်တွေရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာဖို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ဘက်ကလည်း ထုတ်ပြန် အသိပေးထားပါတယ်။











