
ဟောလိဝုဒ် နာမည်ကျော်စုံတွဲဖြစ်တဲ့ အော်စကာဆုရှင် မင်းသမီး နီကိုးလ် ကစ်ဒ်မင်းနဲ့ ကန်းထရီးအဆိုတော် ကိတ်အာဘန်းတို့ဟာ အိမ်ထောင်သက် ၁၉ နှစ်အကြာမှာ လမ်းခွဲလိုက်ပြီလို့ သတင်းဌာနတွေက ဖော်ပြပါတယ်။
TMZ သတင်းဌာနရဲ့ ဖော်ပြချက်အရ သူတို့ ၂ ယောက်ဟာ ဒီနှစ်နွေရာသီ အစောပိုင်းကတည်းက အိမ်ခွဲနေကြတာလို့ သိရပါတယ်။
နီကိုးလ်ကစ်ဒ်မင်းဘက်က လမ်းခွဲဖို့ သဘောမတူခဲ့ဘဲ အိမ်ထောင်ရေးကို ပြန်အဆင်ပြေအောင် ကြိုးစားခဲ့သေးတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဒီသတင်းနဲ့ပတ်သက်ပြီး သူတို့ ၂ ယောက်ရဲ့ ကိုယ်စားလှယ်တွေဘက်ကတော့ တရားဝင် အတည်မပြုသေးပါဘူး။
သူတို့ ၂ ယောက်ဟာ ၂၀၀၅ ခုနှစ်မှာ စတင်တွေ့ဆုံခဲ့ကြပြီး ၂၀၀၆ ခုနှစ်မှာ လက်ထပ်ခဲ့ကြကာ Sunday Rose နဲ့ Faith Margaret ဆိုတဲ့ သမီး ၂ ယောက် ရှိပါတယ်။
ကစ်ဒ်မင်းမှာ အရင်ခင်ပွန်း တွမ်ခရုစ်နဲ့အတူ မွေးစားထားတဲ့ ကလေး ၂ ယောက်လည်း ရှိပါတယ်။
လတ်တလောမှာတော့ ကိတ်အာဘန်းက ဂီတဖျော်ဖြေပွဲတွေနဲ့ ခရီးလှည့်လည်နေပြီး နီကိုးလ် ကစ်ဒ်မင်းကလည်း ရုပ်ရှင်အသစ်တကား ရိုက်ကူးပြီးစီးသွားပြီဖြစ်ကြောင်း သိရပါတယ်။
Source: Reuters










