
ကမ္ဘာအကြီးဆုံးဂိမ်းကုမ္ပဏီကြီးတွေထဲက တခုဖြစ်တဲ့ Electronic Arts (EA) ကို ဆော်ဒီအာရေဗျ အစိုးရ ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ (PIF)နဲ့ သမ္မတ ထရမ့်ပ်ရဲ့ သမက်ဖြစ်သူ ဂျရက်ကုရှ်နာ ထူထောင်ထားတဲ့ Affinity Partners တို့အပါအဝင် ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းကြီးတွေ စုပေါင်းဝယ်ယူဖို့ သဘောတူလိုက်ပြီဖြစ်ပါတယ်။
အမေရိကန်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတခုဖြစ်တဲ့ Silver Lake လည်း ပါဝင်တယ်လို့ သိရပါတယ်။ အရောင်းရဆုံး ဂိမ်းတွေဖြစ်တဲ့ အရင်က FIFA ဘောလုံးဂိမ်းအဖြစ် ထင်ရှားတဲ့ EAFC ဂိမ်း၊The Sims နဲ့ Mass Effect တို့ကို ဖန်တီးတဲ့ EA ကုမ္ပဏီ ဘက်က ဒေါ်လာ ၅၅ ဘီလီယံနဲ့ ရောင်းချဖို့ သဘောတူလိုက်တာဖြစ်ပါတယ်။
ဒါဟာ ချေးငွေပံ့ပိုးမှုအများဆုံးယူပြီးတော့ ကုမ္ပဏီဝယ်ယူမှုအဖြစ်ပါ သမိုင်းဝင်သွားပြီဖြစ်ပါတယ်။ EA ကိုဝယ်ယူတဲ့ ကုမ္ပဏီတွေဟာ ပျမ်းမျှ ဒေါ်လာ ၃၆ ဘီလီယံလောက်ထည့်ဝင်တာဖြစ်ပြီး ကျန်တာက ချေးငွေဖြစ်တဲ့အတွက် ဝယ်ယူအပြီးမှာ ဒေါ်လာ ၂၀ ဘီလီယံလောက် တင်ရှိမှာဖြစ်တယ်။
ဒီသဘောတူညီချက်ကြောင့် EA ရဲ့ အများပြိုင်ရှယ်ယာအားလုံးကို ပြန်ဝယ်မှာဖြစ်ပြီး ပုံမှန်စျေးကွက်တန်ဖိုးထက် ၂၅ ရာခိုင်နှုန်းလောက် ပိုပေးပြီး ဝယ်ယူမှာဖြစ်ပါတယ်။
ဒါဟာ Call of Duty ဂိမ်းတွေထုတ်လုပ်တဲ့ Activision Blizzard ကုမ္ပဏီကို Microsoft က ဒေါ်လာ ၆၉ ဘီလီယံနဲ့ ဝယ်ယူခဲ့မှုနောက်ပိုင်း ဒုတိယတန်ဖိုးအကြီးဆုံး ဂိမ်းလောက ဝယ်ယူမှုဖြစ်လာပါတယ်။
ကုမ္ပဏီရဲ့ နာမည်ကြီး ဂိမ်းတွေကရတဲ့ ဝင်ငွေနဲ့ ကြွေးကို ပြန်ဆပ်မှာဖြစ်တဲ့အတွက် ဂိမ်းအသစ်တွေ ထုတ်ဖို့ ရင်းနှီးမြှုပ်နှံနိုင်စွမ်းကို ထိခိုက်လာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
EA ရဲ့ ဘောလုံးဂိမ်းဟာ စတင်ထွက်ရှိတဲ့ ၁၉၉၃ ကနေ စလို့ ကနေ့အထိ နှစ်စဉ်ထွက်တဲ့ ဂိမ်းတွေအားလုံးရဲ့ ရောင်းချရမှုပေါင်းရင် စုစုပေါင်း အခွေ ၃၂၅ သန်းကျော်သွားပြီဖြစ်ပါတယ်။
The Sims ဂိမ်းတွေ ဆိုရင်လည်း ခွေ သန်း ၂၀၀ ကျော်၊ Need For Speed ဂိမ်းတွေဆိုရင် သန်း ၁၅၀ ကျော် ရောင်းချထားရတာဖြစ်ပါတယ်။
Source:Reuters











