DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ် ရုံး၊ ဆေးရုံနှင့်ကျောင်းများတွင် မြန်မာ-တိုင်းရင်းသားဘာသာ ပူးတွဲဖော်ပြရန် ဆွေးနွေး
DVB
·
December 3, 2014
မွန်ပြည်နယ် ရုံး၊ ဆေးရုံနှင့်ကျောင်းများတွင် မြန်မာ-တိုင်းရင်းသားဘာသာ ပူးတွဲဖော်ပြရန် ဆွေးနွေး
Donate to DVB

မွန်ပြည်နယ်က အစိုးရအုပ်ချုပ်ရေးရုံးတွေ၊ ဆေးရုံနဲ့ စာသင်ကျောင်းတွေက ဆိုင်းဘုတ်တွေမှာ မြန်မာဘာသာနဲ့ တိုင်းရင်းသားဘာသာတို့ ပူးတွဲဖော်ပြသွားဖို့ ၁၀ ကြိမ်မြောက် ပုံမှန် ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ မေးမြန်းဆွေးနွေးခဲ့ပါတယ်။

Mon Stateမွန်ပြည်နယ်အတွင်း အစိုးရအုပ်ချုပ်ရေးရုံးတွေ၊ ဆေးရုံနဲ့ စာသင်ကျောင်းတွေလိုနေရာက ဆိုင်းဘုတ်တွေမှာ မြန်မာဘာသာနဲ့ တွဲပြီး မွန်ဘာသာ ဒါမှမဟုတ် တိုင်းရင်းသားဘာသာတွေနဲ့ ပူးတွဲဖော်ပြပေးပါက တိုင်းရင်းသားတွေရဲ့ စာပေဖွံ့ဖြိုး တိုးတက်ရေးကို ကူညီရာရောက်မှာဖြစ်သလို တိုင်းရင်းသားအချင်းချင်း သွေးစည်းညီညွတ်မှုကိုလည်း အထောက်အကူ ဖြစ်စေမှာကြောင့် အစီအစဉ်ရှိမရှိ သံဖြူဇရပ်မြို့နယ် ပြည်နယ်လွှတ်တော်အမတ်က ဦးနိုင်ဦးက မေးမြန်းခဲ့တာပါ။

ဒီမေးမြန်းချက်အပေါ် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဒေါက်တာ မင်းနွယ်စိုးက တိုင်းရင်းသားအချင်းချင်းကြားမှာ တခြားသူကို မထိခိုက်စေဘဲ မိမိချစ်ခင်မြတ်နိုးတဲ့ စကား၊ စာပေနဲ့ ယဉ်ကျေးမှု၊ ကိုးကွယ်တဲ့ ဘာသာသာသနာနဲ့ ဓလေ့ထုံးတမ်းတွေကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့် ရှိတယ်ဆိုတဲ့အချက်တွေ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါရှိနေတာကြောင့် တိုင်းရင်းသားစာပေတွေကိုလည်း ဒေသခံတွေရဲ့ဆန္ဒအရ ရေးသားခြင်း မပြုရဆိုတဲ့ ပြဋ္ဌာန်းချက် မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

ပြည်နယ်လွှတ်တော်အမတ် ဦးနိုင်ဦးက “ဥပဒေမှာတော့ အတိအကျ ပြဋ္ဌာန်းထားတာ မရှိပေမယ့် တကယ့်တကယ် လက်တွေ့လုပ်တဲ့အခါ ကျတော့ အောက်ခြေအဆင့်၊ မြို့နယ်အဆင့် အာဏာပိုင်တွေက ဒါညွှန်ကြားချက်မရှိဘူး၊ လုပ်လို့ မရဘူး။ အထက်က ညွှန်ကြားချက်မရှိဘဲ လုပ်လို့ မရဘူးဆိုပြီး အောက်ခြေက ရပ်ရွာပြည်သူတွေကို ခြိမ်းခြောက်နေတာတွေ ရှိတယ်”လို့ ပြောပါတယ်။

မွန်ပြည်နယ် လွှတ်တော်အစည်းအဝေး ပထမနေ့မှာ မြန်မာ၊ မွန်ဘာသာတွေနဲ့ ပူးတွဲဖော်ပြဖို့ ဆိုတဲ့ မေးခွန်းအပါအဝင်၊ ကြယ်ပွင့်ပြမေးခွန်း ၁၈ ခု၊ အဆို ၃ ခုနဲ့ ဥပဒေကြမ်း ၂ ခုကို တင်သွင်းဆွေးနွေးခဲ့ပါတယ်။

မွန်ပြည်နယ်လွှတ်တော်ဟာ ၂၀၁၀ ခုနှစ် လွှတ်တော် ပေါ်ပေါက်လာပြီး ခုချိန်ထိ ပုံမှန် အစည်းအဝေးအနေနဲ့ ကျင်းပလာတာ ၁၀ ကြိမ်ရှိနေပြီ ဖြစ်ပါတယ်။ ဒီအစည်းအဝေးကို  ဒီဇင်ဘာ ၂၊ ၄နဲ့ ၅ ရက်နေ့အထိ  ၃ ရက်ကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

လွှတ်တော်အစည်းအဝေးမှာ အုပ်ချုပ်ရေးပိုင်းက မွန်ပြည်နယ်ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌအပါအဝင် လွှတ်တော်အမတ် စုစုပေါင်း အယောက် ၃၀ ကနေပြီး အဆိုတွေ၊ မေးခွန်းတွေနဲ့ ဥပဒေကြမ်းတွေကို မေးမြန်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013