DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ၏ရွေးကောက်ပွဲကို ထောက်ခံကာကွယ်မည်ဟု ကရင်လက်နက်ကိုင် ၃ ဖွဲ့ ထုတ်ပြန်
DVB
·
September 29, 2025
စစ်ကောင်စီ၏ရွေးကောက်ပွဲကို ထောက်ခံကာကွယ်မည်ဟု ကရင်လက်နက်ကိုင် ၃ ဖွဲ့ ထုတ်ပြန်
Donate to DVB

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲက နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ဖော်ဆောင်ပေးနိုင်မှာ ဖြစ်လို့ ရွေးကောက်ပွဲကို ထောက်ခံအားပေးပြီး ရွေးကောက်ပွဲဖြစ်မြောက်ဖို့ ကာကွယ်ပေးသွားမယ်လို့ ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်နယ်ခြားစောင့်တပ် (BGF/KNA) နဲ့ KNU ခွဲထွက်အဖွဲ့ဖြစ်တဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) တို့ ၃ ဖွဲ့က စက်တင်ဘာ ၂၈ ရက် နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။

ကရင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၃ ခုရဲ့ ခေါင်းဆောင်တွေဟာ ကရင်ပြည်နယ် BGF အမှတ် ၂ တပ်နယ်ဌာနချုပ်မှာ စက်တင်ဘာ ၂၈ ရက်က ပြုလုပ်ခဲ့တဲ့ ကရင်ပြည်နယ်နှင့် ပြည်သူလူထုအနာဂတ်အတွက် တွေ့ဆုံဆွေးနွေးပွဲအပြီးမှာ အခုလို ထုတ်ပြန်လာခဲ့တာ ဖြစ်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ “၂၀၂၅ ခုနှစ် ဒီဇင်ဘာလနဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတို့မှာ ကျင်းပပြုလုပ်မယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဟာ နိုင်ငံမှာဖြစ်ပွားနေတဲ့ ပဋိပက္ခပေါင်းစုံကို ဖြေရှင်းနိုင်မယ့် ဒီမိုကရေစီနည်းလမ်းကျတဲ့ ရွေးကောက်ခံ အစိုးရတရပ် ပေါ်ထွန်းလာပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကို ဖော်အောင်ပေးနိုင်မယ့်အပြင် ကရင်ပြည်နယ်နဲ့ ပြည်သူတွေရဲ့ ဘဝကိုပါ အေးချမ်းတည်ငြိမ်အောင် ဖန်းတီးပေးနိုင်မယ်လို့ သုံးသပ်ဆွေးနွေးခဲ့ကြောင်း” ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် “ရွေးကောက်ပွဲမှာ ပါဝင်ဆန္ဒပြုကြမယ့် ပြည်သူတွေရဲ့ လွတ်လပ်တဲ့ ဆန္ဒအရ ပူးပေါင်းပါဝင်နိုင်ဖို့နဲ့ မဲပေးတဲ့အခါ ထိခိုက်နစ်နာဆုံးရှုံးမှုတွေ မရှိဖို့ အဖွဲ့တွေက ပူးပေါင်းပြီး ကာကွယ်ဆောင်ရွက်သွားမယ်” လို့ ထည့်သွင်းရေးသားထားပါတယ်။

ထုတ်ပြန်ချက်ပါ ဆက်သွယ်ရမယ့် တာဝန်ရှိသူတွေကို DVB က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာတော့ ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။

ကရင်အမျိုးသားအစည်းအရုံး (KNU)  (ဗဟို) ကတော့ စစ်ကောင်စီပြုလုပ်မယ့် တရားမဝင် ရွေးကောက်ပွဲကို လုံးဝ ဆန့်ကျင်ကြောင်း ထုတ်ပြန်ထားပြီး ရွေးကောက်ပွဲဖြစ်မြောက်အောင် ပူးပေါင်းဆောင်ရွက်သူတွေကိုလည်း စောင့်ကြည့် အရေးယူသွားမယ်လို့ ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013