DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲကျင်းပမည့် ရခိုင်ပြည်နယ်ရှိ မြို့နယ်များကို စစ်တပ်က အပြင်းအထန်တိုက်ခိုက်နေ
DVB
·
September 29, 2025
ရွေးကောက်ပွဲကျင်းပမည့် ရခိုင်ပြည်နယ်ရှိ မြို့နယ်များကို စစ်တပ်က အပြင်းအထန်တိုက်ခိုက်နေ
Donate to DVB

ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာထားတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တွေကို စစ်ကောင်စီတပ်က   အခုရက်ပိုင်း လေကြောင်းကရော ရေကြောင်းကပါ တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာနေပါတယ်။

စက်တင်ဘာ ၂၈ ရက် ည ၁၁ နာရီကျော်ကစပြီး ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ ပဒဲကောရွာရဲ့ အနောက်ဘက်တောင်ကြောကို စစ်တပ်က လေကြောင်းကနေ ၂ ကြိမ်ဆက်တိုက် ဗုံးလာရောက်ကြဲချခဲ့ပြီး ရေတပ်ကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှု ဆက်တိုက်ရှိနေတယ်လို့ သံတွဲဒေသခံတွေဆီက သိရပါတယ်။

အခုလို စစ်တပ်က ညအချိန်မတော် လေကြောင်းကနေ လာရောက်ဗုံးကြဲနေတဲ့အပြင် ရေတပ်ကနေ လက်နက်ကြီး ပစ်ခတ်နေတာတွေကြောင့် ဒေသခံတွေကြား စိုးရိမ်ကြောက်လန့်နေကြပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

အလားတူ စက်တင်ဘာ ၂၇ ရက် ည ၈ နာရီခွဲမှာလည်း သံတွဲမြို့၊ အမှတ် ၄ ရပ်ကွက် (ညောင်ပင်စျေးရပ်ကွက်) ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံတယောက် နေရာမှာတင် ပွဲချင်းပြီး‌ သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သံတွဲဒေသခံတယောက်က “ပထမတလုံးကျချိန်မှာ အောက်ကိုဆင်းတယ်၊ သူ့ယောကျ်ားက အကုန်လုံးကို မှောက်ခိုင်းထားတယ်၊ သူကကျတော့ သူ့အမျိုးသမီးရဲ့အပေါ်မှာ ထပ်မှောက်ထားတာ၊ သူ့အမျိုးသမီးကိုထိမှာရယ်၊ မွေးလာမယ့်ကိုယ်ဝန်ကို ထိခိုက်မှာစိုးပြီး ထပ်အုပ်ထားတာ၊ နောက်တလုံးက အိမ်ကိုတည့်တည့်ကျတော့ အိမ်လည်းပျက်စီးသွားတော့ ပျက်စီးသွားတဲ့ အပျက်အစီးတွေက သူ့အပေါ် ထပ်ကျတာပေါ့နော်။ သူ့အမျိုးသမီးကတော့ ဒဏ်ရာပြင်းပြင်းထန်ထန် မရသွားပေမဲ့လည်း စိတ်ဒဏ်ရာရသွားတာပေါ့နော်။ သူ့ရဲ့အပေါ်မှာ သူ့ကိုကာကွယ်ပေးနေတဲ့ သူ့ရဲ့ယောကျ်ားက ဆုံးသွားတာလေ။ တယောက်ကတော့ ပွဲချင်းပြီး သေသွားတာပေါ့လေ။ ငါးယောက်ကတော့ ဒဏ်ရာရသွားတာပေါ့လေ။ အဲဒီထဲမှာ ကလေးနှစ်ယောက်ကတော့  ဒဏ်ရာပြင်းတယ်။ မျက်နှာတွေမှာ တော်တော်ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာမျိုး ရှိတယ်လေ” လို့ ပြောပါတယ်။

လက်ရှိမှာ ဆေးဝါးကုသနိုင်ဖို့အတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေပြီး ကူညီထောက်ပံ့ပေးစေလိုတယ်လို့ ဗုံးကြဲခံရတဲ့ မိသားစုဝင်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

အလားတူ စက်တင်ဘာ ၂၆ ရက်၊ ညနေ ၄ နာရီဝန်းကျင်မှာ တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်ရှိ စကခ ၅ အနီး တပ်ဦးဘုန်းတော်ကြီးကျောင်းကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးတလုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ကျောင်းဆောင်တခုလုံး ပျက်စီးသွားခဲ့ပါတယ်။

အခုလို ဗုံးကြဲခံခဲ့ရတဲ့ သံတွဲနဲ့ တောင်ကုတ် အပါအဝင်  အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ အမ်းနဲ့  ဂွ တို့ဟာ စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာထားတဲ့ ရခိုင်က မြို့နယ် ၇ မြို့နယ်ထဲမှာ ပါဝင်နေတာပါ။

ပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်နေပြီးတော့ ရွေးကောက်ပွဲလုပ်မယ် ဆိုတာက တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာ မဟုတ်ဘူးလို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က သုံးသပ်ပါတယ်။

“ရခိုင်မှာတော့ ကျနော့်အနေနဲ့ သူတို့ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲဟာ ဖြစ်လာလိမ့်မယ်လို့ မထင်ဘူးဗျ။ ‌တော်တော်လေးကို ခက်ခဲလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ခုလိုပဲပေါ့နော်၊ ခုကတော့ သူတို့ထိန်းသိမ်းနိုင်တဲ့ မြို့နယ်တွေက ၃ မြို့နယ်ပဲ ရှိတယ်။ ကျန်တဲ့ သူတို့အသံပေးလိုက်တယ် ဆိုတဲ့ မြို့နယ်တွေကိုလည်း လေယာဉ်နဲ့ ဗုံးကြဲတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ ထပ်ပြီးမလုပ်နိုင်တဲ့ မြို့နယ်တွေကိုလည်း သူတို့က ဗုံးကြဲပါတယ်။ ဗုံးကြဲတာကတော့ သူ့လက်အောက်မှာမရှိဘူး၊ သူ မထိန်းသိမ်းနိုင်ဘူး ဆိုတဲ့နေရာတွေ၊ လက်လွှတ်လိုက်ရတဲ့ နေရာတွေမှာလည်း လူစုစုမြင်တာနဲ့ ရန်သူလို့ သတ်မှတ်ပြီးတော့ သတ်ဖြတ်နေတယ်။ အကြမ်းဖက်နေတာ ရှိပါတယ်။ အဲတော့ အဲလို အကြမ်းဖက်ပြီးတော့ ရွေးကောက်ပွဲလုပ်မယ် ဆိုတဲ့ဟာက ဘယ်လိုမှ တရားမျှတတဲ့ ရွေးကောက်ပွဲတခု ဖြစ်လာမှာမဟုတ်ဘူး။ ဒါကြောင့် မျှတတဲ့ ရွေးကောက်ပွဲတခု ဆိုတာကတော့ ရခိုင်မှာ ဖြစ်လာမှာမဟုတ်ဘူးလို့ မှတ်ချက်ပေးချင်ပါတယ်။”

စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ မကျင်းပဖြစ်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၈ ခုက မြို့နယ် ၅၆ ခုကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်က ထုတ်ပြန်ကြေညာခဲ့ပြီး အဲဒီထဲမှာ ရခိုင်က အမ်း၊ ဂွ၊ တောင်ကုတ်နဲ့ သံတွဲမြို့နယ်တွေလည်း ပါဝင်ပါတယ်။

လာမယ့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှာ စစ်ကော်မရှင်က ရွေးကောက်ပွဲ ပထမပိုင်းကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013