
အမေရိကန် ပေါ့ပ်စတား၊ သရုပ်ဆောင်တယောက်ဖြစ်တဲ့ ဆလီနာဂိုးမက်ဇ်ဟာ တေးဂီတထုတ်လုပ်သူ ဘန်နီဘလန်ကိုနဲ့ ကယ်လီဖိုးနီးယားပြည်နယ်မှာ လက်ထပ်မင်္ဂလာပွဲ ကျင်းပခဲ့ပါတယ်။
စက်တင်ဘာ ၂၇ ရက်က ကျင်းပခဲ့တဲ့ မင်္ဂလာပွဲကို တက်ရောက်ခဲ့သူတွေထဲမှာ တေလာဆွစ်ဖ်၊ သရုပ်ဆောင် ပေါလ်ရုဒ်၊ စတိဗ်မာတင်နဲ့ မာတင်ရှော့တို့လို အနုပညာရှင်တွေလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီမင်္ဂလာပွဲအကြောင်းကို ဆလီနာဂိုးမက်ဇ်က သူ့ရဲ့ အင်စတာဂရမ်မှာ အဖြူရောင်မင်္ဂလာဝတ်စုံနဲ့ပုံတွေနဲ့အတူ “9.27.25” ဆိုတဲ့ စာသားနဲ့အတူ တင်ပြီး အသိပေးခဲ့တာ ဖြစ်ပါတယ်။
ခင်ပွန်းဖြစ်သူ ဘလန်ကိုကလည်း သူ့ရဲ့ပို့စ်အောက်မှာ “တကယ့်ဘဝထဲက ကျနော့်ရဲ့ဇနီး” ဆိုပြီး မှတ်ချက်ဝင်ရေးခဲ့ပါတယ်။
သူတို့ရဲ့မင်္ဂလာပွဲကို စန်တာဘာဘရာမြို့မှာ ဧည့်သည် ၁၇၀ လောက်နဲ့ ကျင်းပခဲ့တာဖြစ်တယ်လို့ Vogue မဂ္ဂဇင်းက ဖော်ပြပါတယ်။
အသက် ၃၃ နှစ်အရွယ် ဆလီနာနဲ့ အသက် ၃၇ နှစ်အရွယ် ဘလန်ကိုတို့ဟာ တနှစ်ကြာ တွဲခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှာ စေ့စပ်ခဲ့ကြတာပါ။
သူတို့နှစ်ယောက်ဟာ အနုပညာပိုင်းမှာလည်း အတူတွဲပြီး “Same Old Love” နဲ့ “I Can't Get Enough” တို့လို အောင်မြင်တဲ့သီချင်းတွေ ဖန်တီးခဲ့ဖူးပါတယ်။
ဆလီနာဂိုးမက်ဇ်ဟာ ဒစ္စနေးရဲ့ “Wizards of Waverly Place” ရုပ်သံစီးရီးနဲ့ လူငယ်ပရိသတ်တွေရဲ့ အားပေးမှုကို ရခဲ့သူဖြစ်ပါတယ်။
မကြာသေးခင်က “Emilia Perez” ဆိုတဲ့ ရုပ်ရှင်မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။
ဘန်နီဘလန်ကို ကတော့ ကေတီပယ်ရီ၊ ဘရစ်တနီစပီးယားစ်တို့လို နာမည်ကြီး အဆိုတော်တွေအတွက် သီချင်းတွေ ထုတ်လုပ်ပေးခဲ့တဲ့ အောင်မြင်တဲ့ တေးထုတ်လုပ်သူတယောက် ဖြစ်ပါတယ်။










