DVB Logo
Home
မြန်မာသတင်း
ပေါက်မြို့နယ်တွင် တော်လှန်ရေးတပ်စခန်း ၁ ခု အသိမ်းခံရပြီး တပ်ဖွဲ့ဝင်အချို့ ကျဆုံး
DVB
·
September 29, 2025
ပေါက်မြို့နယ်တွင် တော်လှန်ရေးတပ်စခန်း ၁ ခု အသိမ်းခံရပြီး တပ်ဖွဲ့ဝင်အချို့ ကျဆုံး
Donate to DVB

မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲမှာ စက်တင်ဘာ ၂၅ ရက်က စစ်တပ်စစ်ကြောင်းနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ ကျဆုံးခဲ့သလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းခံခဲ့ရကာ တော်လှန်ရေးတပ်စခန်းတခုလည်း ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

ပေါက်မြို့နယ်အခြေစိုက် တော်လှန်ရေးရဲဘော်တယောက်က “၂၅ ရက်နေ့လောက်မှာ ရေဖြူရွာနားမှာရှိတဲ့ တော်လှန်ရေးတပ်စခန်းတခု အသိမ်းခံလိုက်ရပြီး ရဲဘော်တချို့လည်း အကျအဆုံးရှိခဲ့ပြီး လက်နက်ခဲယမ်းတချို့ပါ အသိမ်းခံလိုက်ရတယ်။ စစ်ရေးအခြေအနေတွေ အပြင် စခန်းအသိမ်းခံရတာနဲ့ ရဲဘော်တွေ ကျဆုံးခဲ့တာတွေရှိခဲ့လို့ သက်ဆိုင်တဲ့အဖွဲ့ဘက်က ​သတင်းထုတ်ပြန်ပေးဖို့ ကြန့်ကြာနေတာပါ” လို့ ပြောပါတယ်။

အဆိုပါ ရေဖြူကျေးရွာအနီးက ပုံတောင်နတ်ထိပ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းယူထားတဲ့ ကပစ ၂၄ ကာကင်းစခန်းကို ပြန်လည်ရယူနိုင်ဖို့ စစ်တပ်ဘက်က ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းကတည်းက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့တာတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေလည်း အများအပြားရှိခဲ့တယ်လို့ ဆိုပါတယ်။

ပေါက်မြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ စစ်ကြောင်းမှူးက “ရန်သူ့ဘက်က ပုံတောင်နတ်ထိပ်က ကပစ ၂၄ ကာကင်းစခန်းကို ပြန်ရဖို့ အင်အား ၂၀၀ ကျော်လောက်နဲ့ ပြီးခဲ့တဲ့လကုန်ပိုင်းက​စပြီး စစ်ကြောင်းထိုးလို့ တိုက်ပွဲတွေဖြစ်နေခဲ့တာ ၂ ပတ်လောက် ကြာတယ်။ အခုလလယ်ပိုင်းလောက်မှာတော့ အဲဒီ ကာကင်းစခန်းကို သူတို့ဘက်က ပြန်ရသွားကြပြီး ရန်သူပြန်ထိုင်နေပြီ။ အခုအသိမ်းခံရတဲ့စခန်းရှိတဲ့ ရေဖြူရွာဆိုတာ ရွာအရှေ့ဘက်နားမှာ ရန်သူ့စခန်းက အရင်ကတည်းက ရှိနှင့်နေတာ။ သူတို့ပြန်ရသွားတဲ့ ပုံတောင်နတ်ထိပ် ကာကင်းစခန်းကလည်း ရေဖြူရွာရဲ့ အနောက်ဘက်မှာရှိတာဆိုတော့ ရန်သူ့စခန်း ၂ ခုကြားမှာရှိတဲ့ အဲဒီ ရေဖြူရွာလည်း တဆက်တည်း အသိမ်းခံရလိုက်ရတယ် ဆိုပါတော့ဗျာ” လို့ DVB ကို ပြောပါတယ်။

ကပစ ၂၄ ရဲ့ အဆိုပါ ပုံတောင်နတ်ထိပ် ကာကင်းစခန်းကို အခုနှစ်အစောပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သိမ်းပိုက်ရရှိခဲ့ပေမဲ့ လုံခြုံရေးအရ သတင်းမထုတ်ပြန်ခဲ့တာလို့ ဆိုပါတယ်။

စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်ချယ်နယ်တွေမှာတော့ အဆိုပါ ရေဖြူကျေးရွာအနီးမှာရှိတဲ့ တော်လှန်ရေးတပ်စခန်းကနေ တော်လှန်ရေးရဲဘော်တွေရဲ့ ရုပ်အလောင်း ၄ လောင်း၊ သေနတ် ၈ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့တကွ ရေးသားဖော်ပြနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013