DVB Logo
Home
မြန်မာသတင်း
ရွေ့လျားမီးပွိုင့်က မန္တလေး ယာဉ်ကြောပိတ်ဆို့မှုကို မဖြေရှင်းနိုင် 
DVB
·
September 27, 2025
ရွေ့လျားမီးပွိုင့်က မန္တလေး ယာဉ်ကြောပိတ်ဆို့မှုကို မဖြေရှင်းနိုင် 
Donate to DVB

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက တီထွင်ဖန်တီးထားပြီး မန္တလေးရဲ့ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းဖို့ အသုံးပြုနေတဲ့ ရွေ့လျားမီးပွိုင့်တိုင်တွေက ယာဉ်ကြောပိတ်ဆို့မှုကို မဖြေရှင်းနိုင်သလို မြို့ခံတွေနဲ့လည်း အသားအကျသေးဘူးလို့ ဒေသခံတွေကပြောပါတယ်၊

ပြီးခဲ့တဲ့ စက်တင်ဘာလ တတိယအပတ်မှာ စတင်အသုံးပြုလာတဲ့ ရွေ့လျားမီးပွိုင့်တိုင်တွေက ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းဖို့လိုဆိုပေမဲ့ အမှန်တကယ် ယာဉ်ကြောပိတ်ဆို့တဲ့ နေရာတွေမှာ အသုံးပြုနေတာမဟုတ်တဲ့အတွက် ယာဉ်ကြောပိတ်ဆို့နေတဲ့ ပြဿနာကို မဖြေရှင်းနိုင်ကြောင်း မြိုခံတွေက ပြောပါတယ်၊

မန္တလေးဒေသခံတယောက်က “သူ့ရဲ့ ရွေ့လျားမီးပွိုင့်ကသေးတယ်။ သေးတော့ ကုမ္ပဏီကားတွေက မြင့်တယ်လေ၊ အဲဒီကားတွေ ရှေ့ကပိတ်နေတော့ နောက်က ကားတွေက ဘယ်လိုမြင်ရမလဲ၊ သူ့ရဲ့ မီးပွိုင့်က လူတရပ်ကျော်တဲ့ဟာကိုမှ လမ်းလယ်ခေါင်ကြီးမှာ ချထားတာ၊ ပုံမှန်မီးပွိုင့်တွေက အပေါ်မှာဆိုတော့ လှမ်းကြည့်ရတာလေ၊ ဒီဟာနဲ့ကျ မြို့ခံတွေက အသားမကျဘူး။ နောက်တခုက ယာဉ်ကြောပိတ်ဆို့မှုက အခုဆို တော်တော်လေးကို ဆိုးဆိုးဝါးဝါး ဖြစ်နေတာ၊ အရင် ကျုံးဘေးလမ်းတွေ မပိတ်တာတောင် အခုဆို ပိတ်၊ မနက် ရုံးသွားချိန် ရုံးပြန်ချိန်ဆို တမြို့လုံးပိတ်၊ သူတို့ အဲတာကို ဖြေရှင်းဖို့ တခြားနည်းလမ်းလည်း မစဉ်းစားဘူး၊ မီးပွိုင့်တွေကလည်း အလုပ်မလုပ်ဘူး Main မီးပွိုင့်တွေက လွဲရင် ကျန်မီးပွိုင့်တွေက မီးအမြဲပြတ်နေသလိုပဲ”လို့ ပြောပါတယ်။

ရွေ့လျားမီးပွိုင့်ကို ကားကြောပိတ်ဆို့တဲ့ နေရာတွေမဟုတ်တဲ့ မန္တလေးကျုံးတောင်ဘက်ထွက်ပေါက်က ၂၆ လမ်း ၇၃ လမ်း မီးပွိုင့်လမ်းစုံလို နေရာမှာ အသုံးပြုနေတာဖြစ်လို့ အမှန်တကယ် ယာဉ်ကြောပိတ်ဆို့တဲ့နေရာမှာ သုံးနေတာ မဟုတ်ဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

လက်ရှိမှာတော့ ရွေ့လျားမီးပွိုင့်တွေကို မြို့ရဲ့ ယာဉ်ကြောပိတ်ဆို့တဲ့ နေရာတိုင်းမှာ အသုံးပြုတာမဟုတ်သလို မီးပွိုင့်လုံလောက်မှုမရှိတဲ့အတွက်  ယာဉ်ကြော ပိတ်ဆို့တာကို မဖြေရှင်းနိုင်ကြောင်း နောက်ထပ် ဒေသခံတယောက်ကလည်း ပြောပါတယ်၊

“ရွှေ့လျားမီးပွိုင့်တွေက သုံးလေးရက်လောက်တော့ရှိပြီတွေ့တာ မီးပျက်နေတဲ့နေရာ မီးပွိုင့်ပျက်နေတဲ့ နေရာတွေမှာ  ယာဉ်ကြောပိတ်ဆို့တာကို ဖြေရှင်းဖို့အတွက် သုံးတာထင်တယ်။ ဖြေရှင်းနိုင်မလား ဆိုတာကတော့ အဲဒီလောက်မလွယ်ဘူးထင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ မီးက ပျက်ရင် တနေရာတည်း ပျက်တာ မဟုတ်ဘူးလေ၊ နေရာတွေအများကြီးပျက်တာ၊ သူတို့ကို ကြည့်ရသလောက်ကတော့ လုံလုံလောက်လောက်လည်း ရှိတဲ့ပုံမပေါ်ဘူး၊ တွေ့တာတောင် တခါပဲ တွေ့ဖူးသေးတယ်။ တချို့ဆို ပြောတာ ဘယ်ချိန် ခိုးခံရမလဲ မသိဘူး၊ ဘယ်ကောင်ဝင်တိုက်ဦးမလဲ မသိဘူးဆိုပြီး အဲတာတွေကလည်း ပြောလို့မရဘူး။ ဘယ်ချိန် ခိုးခံ ရမလဲဆိုတာ ခေတ်ကာလကလည်း ကောင်းတာမဟုတ်ဘူး၊ ရပ်ထားတဲ့ ဇက်သော့ခတ်ထားတဲ့ ဆိုင်ကယ် တောင် မရမကဖြုတ်ပြီး ခိုးနေရကြတာဆိုတော့။”

လျှပ်မီးပြတ်တောက်ချိန် အဓိက မီးပွိုင့်အကြီးနေရာတွေနဲ့ အချိန်ပိုင်းယာဉ်ကြောပိတ်တဲ့ လမ်းစုံနေရာတွေမှာ ယာဉ်ကြောကြပ်တဲ့ပြဿနာကိုဖြေရှင်းဖို့ ရွေ့လျားမီးပွိုင့်ကို စီစဉ်ခဲ့တာဖြစ်တယ်လို့ မန်းမြို့တော်စည်ပင်က တာဝန်ရှိသူက ပြီးခဲ့တဲ့ ဇူလိုင်လမှာ ပြောကြား ထားတာရှိပါတယ်။

ဆိုလာနဲ့ ဖန်တီးထားတာဖြစ်လို့ မီးပျက်ချိန်တွေမှာ အလွယ်တကူရွေ့လျားနိုင်ပြီး အရေးပေါ်နေရာတွေမှာ အဓိက အသုံးပြုမှာလို့ ဆိုထားပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013