
အာဖရိကတိုက် အရှေ့ဘက်ရှိ အိန္ဒိယသမုဒ္ဒရာထဲက မာဒါဂက်စ်ကာ ကျွန်းနိုင်ငံမှာ မကြာခဏ ဓာတ်အားပြတ်တောက်မှုနဲ့ ရေပြတ်တောက်မှုတွေကြောင့် စက်တင်ဘာ ၂၅ ရက်မှာ လူပေါင်းထောင်ချီ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။
အာဏာပိုင်တွေဟာ မငြိမ်မသက် ဖြစ်မှုတွေကြောင့် တည်ငြိမ်မှုပြန်ရအောင် မြို့တော် အန်တာနာနာရီဗိုမှာ နေဝင်ချိန်မှ အရုဏ်တက်ချိန်အထိ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ပါတယ်။
လူငယ်အများစုရဲ့ တွန်းအားပေးမှုနဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကတဆင့် စုစည်းလုပ်ဆောင်ခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ နေ့အစောပိုင်းမှာ စတင်ခဲ့ပြီး မြန်မြန်ဆန်ဆန်ပဲ အရှိန်မြင့်လာခဲ့ပါတယ်။
မြို့တော် အန်တာ နာနာ ရီဗိုမှာ စာတန်းဆိုင်းဘုတ်တွေကို ကိုင်ဆောင်ချီတက်ခဲ့ကြတဲ့ ဆန္ဒပြသူတွေထဲမှာ အများစုက လူငယ်တွေ ဖြစ်ပါတယ်။
ဆန္ဒပြသူတွေဟာ အစိုးရကို ရှုတ်ချခဲ့ကြပြီး နိုင်ငံတဝန်းမှာ ရေနဲ့ လျှပ်စစ်ဓာတ်အားကို စိတ်ချလက်ချ ပြန်လည်ရရှိရေး တောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ တာယာတွေ၊ ကျောက်တုံးတွေနဲ့ လမ်းတွေကို ပိတ်ဆို့ခဲ့ပြီး ယိုယွင်းနေတဲ့ ပြည်သူ့ဝန်ဆောင်မှုတွေကို အမြန်ဆုံး ဖြေရှင်းပေးဖို့ အစိုးရကို တောင်းဆိုခဲ့ပါတယ်။
မွန်းလွဲပိုင်းမှာ အခြေအနေ ပြင်းထန်လာပြီး ရဲတပ်ဖွဲ့ဝင်တွေဟာ ရာဘာကျည်ဆန်တွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေကို လူစုခွဲခဲ့ပါတယ်။
ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့လို့ လူအုပ်ကြီးက လမ်းပေါ်မှာ ထွက်ပြေးခဲ့ကြပြီး ဆန္ဒပြပွဲတွေကနေ လူစုကွဲသွားပြီးနောက်မှာ မြို့တော်ရဲ့ ရပ်ကွက်အသီးသီးကို ပျံ့နှံ့သွားခဲ့ကြောင်း ရိုက်တာသတင်းဌာနမှ မျက်မြင်သက်သေတယောက်က ပြောဆိုပါတယ်။
သမ္မတ အန်ဒရီး ရာဂျိုအီလီနာနဲ့ နီးစပ်တဲ့ နိုင်ငံရေးသမားတွေရဲ့ နေအိမ်တွေကိုလည်း တိုက်ခိုက်ခံခဲ့ရပြီး အစိုးရအုပ်ချုပ်ရေးအပေါ် လူထုစိတ်မကျေမနပ်ဖြစ်မှု နက်ရှိုင်းနေတာကို အလေးထား ဖော်ပြနေပါတယ်။
ဒါကို တုံ့ပြန်ဆောင်ရွက်တဲ့အနေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ည ၇ နာရီမှ မနက် ၅ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ပြီး မြို့သူမြို့သားတွေနဲ့ သူတို့ရဲ့ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာတွေကို ကာကွယ် စောင့်ရှောက်ဖို့ လိုအပ်ကြောင်း ပြောကြားပါတယ်။
တည်ငြိမ်မှု ပြန်လည်ရရှိချိန်အထိ ညမထွက်ရအမိန့်ကို ဆက်လက်ထားရှိမယ်လို့ မျှော်လင့်ရပါတယ်။
နိုင်ငံမှာ သဘာဝသယံဇာတတွေ ပေါများကြွယ်ဝပေမဲ့လည်း ဆင်းရဲမွဲတေမှုက ကျယ်ကျယ်ပြန့်ပြန့် ရှိနေဆဲဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ သမ္မတ ရာဂျိုအီလီနာ ပြန်လည်ရွေးကောက်ခံရပြီးကတည်းက အစိုးရဟာ လူနေမှုဘ၀တွေ တိုးတက်ကောင်းမွန်အောင်လုပ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ဝေဖန်သူတွေက စွပ်စွဲကြပါတယ်။
Source: Reuters










