DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲနှင့် ပဋိပက္ခများကြောင့် နိုင်ငံတဝန်း နေရပ်စွန့်ခွာထွက်ပြေးရသူ ၃ သန်းခွဲကျော်ရှိ
DVB
·
September 26, 2025
တိုက်ပွဲနှင့် ပဋိပက္ခများကြောင့် နိုင်ငံတဝန်း နေရပ်စွန့်ခွာထွက်ပြေးရသူ ၃ သန်းခွဲကျော်ရှိ
Donate to DVB

တိုက်ပွဲနဲ့ ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံတဝန်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရသူ ၃ ဒသမ ၆ သန်း နီးပါးလောက် ရှိလာနေပြီး မြန်မာနိုင်ငံဟာ လူသားချင်းစာနာမှုဆိုင်ရာ  ရန်ပုံငွေ လိုအပ်ချက်ပြည့်မီမှု အနည်းဆုံး ကမ္ဘာ့နိုင်ငံတွေထဲက တနိုင်ငံဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) က စက်တင်ဘာ ၂၃ မှာထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေနဲ့ တုံ့ပြန်ရေးအစီအစဉ် (HNRP) အတွက် ဒီကနေ့အချိန်ထိ ရန်ပုံငွေ ၁၂ ရာခိုင်နှုန်းသာ ရရှိထားသလို အခု စက်တင်ဘာလအတွင်း ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုတွေ ပိုမိုများပြားလာနေပြီး အရင်ကတည်းက ဆိုးရွားနှင့်ပြီးဖြစ်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေကို ပိုမို ခက်ခဲစေတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကြား နေရာအနှံ့ဖြစ်ပွားနေတဲ့ ပဋိပက္ခကြောင့် နေ့စဉ်နီးပါး အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနေပြီး အရပ်သား စောင့်ရှောက်ကာကွယ်ရေးဆိုင်ရာ ကိစ္စတွေ ပိုမိုဆိုးရွားလာနေကာ ထိခိုက်လွယ် ရပ်ရွာလူထုအတွက် အကြမ်းဖက်မှုနဲ့ အခက်အခဲတွေကို ပိုပြီးတော့ ရင်ဆိုင်ရစေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခုနှစ် ပထမ နှစ်ဝက်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေက ကဏ္ဍပေါင်းစုံက လူဦးရေ အနည်းဆုံး ၃ သန်းခွဲကို အရေးပေါ်အကူအညီပေးနိုင်ခဲ့ပေမဲ့ များပြားလာနေတဲ့ လိုအပ်ချက်တွေနဲ့ ရန်ပုံငွေ အကြီးအကျယ် မလုံလောက်မှုကြောင့် လူသန်းပေါင်းများစွာကို လူမှုဘ၀ရှင်သန်ရေး အကူအညီတွေ ရေရှည်ပေးအပ်နိုင်ခြင်းမရှိဘူးလို့လည်း ဆိုပါတယ်။

ဒါ့အပြင် လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ သွားရောက်ပေးအပ်နိုင်ရေးအတွက် ကန့်သတ်ချက်တွေ ရှိနေဆဲဖြစ်သလို အထူးသဖြင့် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းတို့မှာ အကူအညီတွေ ဖြန့်ဖြူးခြင်းအတွက် ကန့်သတ်မှုတွေ ရှိနေပြီး အဓိကအရေးပါတဲ့ ဝန်ဆောင်မှုတွေ လိုအပ်နေတဲ့ လူထုအတွက်လည်း ဘေးကင်းလုံခြုံစွာ သွားလာနိုင်ခွင့်လည်း ဆုံးရှုံးနေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Source : UNOCHA 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013