DVB Logo
Home
မြန်မာသတင်း
ဒီနှစ်မကုန်ခင် တပြည်လုံးအပစ်ရပ်ဆွေးနွေးပွဲ ပြန်ကျင်းပနိုင်ဖွယ်ရှိ
DVB
·
December 3, 2014
ဒီနှစ်မကုန်ခင် တပြည်လုံးအပစ်ရပ်ဆွေးနွေးပွဲ ပြန်ကျင်းပနိုင်ဖွယ်ရှိ
1 / 2
Donate to DVB

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းအဖွဲ့ (ယူပီဒဗလျူစီ) နဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေရဲ့ တပြည်လုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) တို့ အကြား တပြည်လုံးအပစ်ရပ်သဘောစာချုပ်ဆိုင်ရာ ဆွေးနွေးပွဲကို ဒီလအတွင်း ပြန်လည်ကျင်းပနိုင်ဖို့ အလားအလာ ရှိတယ်လို့ နှစ်ဘက်ခေါင်းဆောင်တွေက  ထိုင်းနိုင်ငံ ချင်းမိုင်မြို့ဆွေးနွေးပွဲအပြီး ထုတ်ဖော်ပြောဆိုကြပါတယ်။

10484718_10152931980248594_8433524354108773193_nချင်းမိုင်မြိုဆွေးနွေးပွဲမှာ ယူပီဒဗလျူစီကိုယ်စား မြန်မာငြိမ်းချမ်းရေးစင်တာက ဒီဇင်ဘာ ၁၇ ရက် ၁၈ ရက် တွေ့ဆုံဆွေးနွေးပွဲကျင်းပနိုင်ဖို့ကမ်းလှမ်းအဆိုပြုခဲ့ရာမှာ  အန်စီစီတီဘက်က အဆိုပြုချက်တချို့ကို ပြန်လည်တင်ပြခဲ့ပါတယ်။ ဒီတင်ပြန်လည်တင်ပြချက်အပေါ် ၀န်ကြီးဦးအောင်မင်း တို့ထံက အကြောင်းပြန်ကြားချက်အပေါ် မူတည်ပြီး ရက်သတ်မှတ်ရေး ဖြစ်ပေါ်လာမယ်လို့  အန်စီစီတီ ခေါင်းဆောင်ပိုင်းက ပြောပါတယ်။

အန်စီစီတီ ပြောခွင့်ရသူ ပဒိုစောကွယ်ထူးဝင်းက “ကျနော်တို့ ရက်အတိအကျ အဖြေပေးတာတော့ မရှိသေးဘူး။ ဒီဇင်ဘာလအတွင်းမှာ တွေ့ဖို့ကတော့ ဖြစ်နိုင်ခြေများပါတယ်။ ကျနော်တို့တင်ပြတောင်းဆိုတားတဲ့အချက်တွေပေါ်မှာ  ပြန်ကြားမှုအပေါ်မှာ မူတည်တာပေါ့နော်” လို့ ပြောပါတယ်။

အန်စီစီတီအနေနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပဒိုစောကွယ်ထူးဝင်းက အခိုင်အမာပြောဆိုပြီး အမ်ပီစီကနေတဆင့် တင်ပြချက်တွေနဲ့ ပတ်သက်လို့သူက ခုလို ပြောပါတယ်။

“တွေ့ဆုံဆွေးနွေးရေးဖြစ်နိုင်ဖို့အတွက် ၁ အချက် ပစ်ခတ်တိုက်ခိုက်မှု (လိုင်ဇာ စစ်သင်တန်းကျောင်းကို တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု) မှာ ထိ ခိုက်ကျဆုံးသွားတဲ့ ရဲဘော်တွေကို ဘယ်လိုကုစားနိုင်မလဲ၊ ဖြေလျော့နိုင်မလဲဆိုတဲ့ အနေအထား။ နောက်တခုက ပစ်ခတ်တိုက်ခိုက်မှု တခြားဒေသမှာလည်း မဖြစ်ပွားရေးအတွက် ဘယ်လိုတာဝန်ယူ လုပ်ဆောင်သွားမလဲဆိုတဲ့အပိုင်း။ ရန်ကုန်မြို့မှာ အန်စီစီတီအဖွဲ့ဝင်တွေရဲ့ သွားရေး၊ လာရေး လုံခြုရေးအပိုင်း။ နောက်တခုကတော့ တွေ့ဆုံဆွေးနွေးရေးမှာ ကျနော်တို့ အန်စီစီတီရဲ့ ဆွေးနွေးမှုကတော့လေ အပစ်အခတ်ရပ်စဲရေးစာချုပ်ပေါ်မှာ ကျနော်တို့ တန်ပြန်အဆိုပြုထားတာ သူတို့ ဘယ်လိုတုံ့ပြန်မှုရှိမလဲဆိုတာ ကျနော်တို့ ရပြီးလို့ရှိရင်တော့ အဆိုပြုထားတဲ့ နေ့ရက်တွေကို ကျနော်တို့ အကြောင်းပြန်မှာဖြစ်ပါတယ်”လို့ ပြောပါတယ်။

အမ်ပီစီနဲ့မတွေ့ဆုံခင်မှာ အန်စီစီတီဟာ တပြည်လုံးအပစ်ခတ်ရပ်စဲရေးသဘောတူညီချက် မူကြမ်းကို ပြန်လည်သုံးသပ်ဆွေးနွေးတာ၊ အန်စီစီတီ တာဝန်ပေးအပ်ခံရခြင်း ၁ နှစ်ပြည့်မှာ စွမ်းဆောင်ရည်မြင့်မားဖို့အတွက် ပိုမိုကျစ်လစ်ခိုင်မာတဲ့ စုစည်းမှုလိုအပ်သလို ပိုမိုထိရောက်ဖို့ လုပ်ငန်းပိုင်းဆိုင်ရာအဖွဲ့တွေကို ကျစ်ကျစ်လစ်လစ်ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့သူက ပြောပါတယ်။

ယူပီဒဗလျူစီကိုယ်စား မြန်မာငြိမ်းချမ်းရေးစင်တာက ဦးဆောင်ဆွေးနွေးသူတဦးဖြစ်တဲ့ ဦးလှမောင်ရွှေကတော့ ညှိနှိုင်းဆွေးနွေးပွဲဟာ လိုင်ဇာလက်နက်ကြီးပစ်ခတ်မှုကြောင့် အစပိုင်းမှာ အဖုအထစ်ရှိပေမယ့် နောက်ပိုင်းမှာ ပုံမှန်ဆွေးနွေးနိုင်ကြောင်းပြောပါတယ်။ အတည်ပြုချက်တွေ ကိုတော့ တကယ့် တရားဝင်ဆွေးနွေးပွဲ ရန်ကုန်မှာ ကျင်းတဲ့အခါကျမှ ဆောင်ရွက်နိုင်မှာဖြစ်ပြီး  ဒီလအတွင်း   ဆွေးနွေးပွဲတွေ ပြန်စနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

“ကျနော်တို့ဘက်ကတော့ ဒီဇင်ဘာလထဲမှာ ဆွေးနွေးဖို့ ၀န်ကြီး ဦးအောင်မင်းက ကမ်းလှမ်းထားပါတယ်။ အန်စီစီတီဘက်ကတော့ ၀န်ကြီးဦးအောင်မင်းကို သူတို့သိလိုတဲ့ မရှင်းလင်းတဲ့အချက် ငါးချက်ကို မေးမြန်းထားတာရှိပါတယ်။ အဲဒီအချက်တွေကို လာမယ့် သုံး လေးရက် အတွင်းမှာ ၀န်ကြီးဦးအောင်မင်းဘက်က ရှင်းလင်းပြသတာတွေ ဖြေကြားပြီးရင်တော့ ဒီလတွင်းမှာ တွေ့မယ်လို့ မူအားဖြင့် သဘောတူထားပါတယ်။

ချင်းမိုင်မြို့ ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲတခုလုံးနဲ့ ပတ်သက်လို့ ဦးလှမောင်ရွှေက စက်တင်ဘာလ ဆွေးနွေးပွဲတုန်းက တစ်ဆို့မှုတွေထဲက တချို့ကို ချေဖျက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

“အခုကျနော်တို့ အားလုံးက မျှော်လင့်တဲ့ တစ်ဆို့နေတဲ့ဟာ ဘယ်လောက်လောက် နီးစပ်သလဲလို့မေးရင် အချက်အနည်းငယ်ကလွဲရင် အားလုံးက နီးစပ်ပါတယ်။ ဒါပေမယ့် တရားဝင် ဆွေးနွေးပွဲမှာမှပဲ လူကြီးချင်း ညှိနှိုင်းပြီးတော့ စကားလုံးရွေးချယ်ပြီးတော့ အ တည်ပြုဖို့ပါပဲ။ ကျနော်တို့က ကြိုတင်ပြင်ဆင်တဲ့ အလုပ်အဖွဲ့ဖြစ်တဲ့အတွက် ခြုံပြောရရင်တော့ ကျနော်တို့က အများကြီးဝမ်းသာပါတယ်။ ကျနော်တို့ မျှော်လင့်တာထက် အများကြီး ရလဒ်ကောင်း ပါတယ်။”

အန်စီစီတီနဲ့ ယူပီဒဗလျူစီအကြား တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ပူးတွဲရေးဆွဲနေရာမှာ  စက်တင်ဘာလတွေ့ဆုံဆွေးနွေးပွဲမှာ တစ်ဆို့မှုတွေဖြစ်ခဲ့သလို လိုင်ဇာဌာနချုပ် စစ်သင်တန်းကျောင်းကို တပ်မတော်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဗိုလ်လောင်း ၂၀ ကျော် သေဆုံးခဲ့တဲ့အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ရပ်တန့်သွားမလားဆိုပြီး စိုးရိမ်ပူပန်မှုတွေ မြင့်တက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013