DVB Logo
Home
မြန်မာသတင်း
CI ကနေ PJ ပတ်စ်ပို့ ပြောင်းလဲထားသူများ ထိုင်းနိုင်ငံတွင်းသာ သွားလာခွင့်ရှိတော့မည်
DVB
·
September 26, 2025
CI ကနေ PJ ပတ်စ်ပို့ ပြောင်းလဲထားသူများ ထိုင်းနိုင်ငံတွင်းသာ သွားလာခွင့်ရှိတော့မည်
Donate to DVB

ထိုင်းမှာ CI ကနေ PJ ပတ်စ်ပို့ ပြောင်းလဲသူတွေအနေနဲ့ စာအုပ်မှာ ထိုင်းနိုင်ငံအတွက်သာ အသုံးပြုဖို့ဆိုတဲ့ တံဆိပ်တုံး ထုပေးတာကြောင့် ထိုင်းကလွဲပြီး တခြား နိုင်ငံရပ်ခြားဆီ သွားရောက်နိုင်မှာ မဟုတ်တော့ဘူးလို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ CI စာအုပ် ကိုင်ဆောင်တဲ့ အလုပ်သမားတွေက CI ကနေ PJ ပတ်စ်ပို့ ပြောင်းလဲတဲ့အခါ ပတ်စ်ပို့စာအုပ်မှာ Passport For Thailand only (ထိုင်းနိုင်ငံအတွက်သာ) အသုံးပြုဖို့ဆိုတဲ့ တံဆိပ်တုံးကို စက်တင်ဘာ ၂၅ ရက်ကစပြီး ထည့်သွင်း ထုပေးနေတယ်လို့ သိရပါတယ်။

ထိုင်းမှာ သန်းနဲ့ချီတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ Certificate of Identity – CI လို့ခေါ်တဲ့ ဘယ်သူဘယ်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် ကိုင်ဆောင်ကြပြီး CI ကတဆင့် PJ အလုပ်အကိုင်ပတ်စ်ပို့ကို ပြောင်းလဲ ကိုင်ဆောင်ကြတာပါ။

မဟာချိုင်မှာ CI ကနေ PJ ပတ်စ်ပို့ ပြောင်းလဲသူတွေကို အဲဒီတံဆိပ်တုံး ထုပေးလိုက်တာ ဖြစ်ပြီး အဲဒီတံဆိပ်တုံးကြောင့် ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံကလွဲပြီး တခြားနိုင်ငံတွေဆီ သွားရောက်နိုင်မှာ မဟုတ်တော့ဘူးလို့ ပတ်စ်ပို့ အကျိုးဆောင်တွေက ပြောပါတယ်။

ပတ်စ်ပို့ အကျိုးဆောင်တယောက်က “CI ကနေ PJ ပြောင်းပြီး ဒီလို တံဆိပ်တုံးကြီး ထုလိုက်တော့ ဘာမှမထူးခြားနားဘူးပေါ့။ ထိုင်းနိုင်ငံတွင်းမှာပဲ နေဆိုတဲ့ သဘောပေါ့။ တော်တော်များများကကျတော့ မြန်မာနိုင်ငံကနေ အကြောင်းအမျိုးမျိုးနဲ့ ထိုင်းကို ထွက်လာတယ်။ တချို့လည်း ဂျပန်ကို သွားမှာတို့၊ စင်ကာပူသွားမှာတို့၊ သူတို့လည်း သူတို့ကိစ္စနဲ့ သူတို့ပေါ့။ CI ကနေ PJ ပြောင်းလိုက်တယ်။ ပြောင်းပြီးတော့ နိုင်ငံခြားကို ထွက်ဖို့ပေါ့။ အခုက Thailand only လို့ ပြောင်းလိုက်တော့ တခြားနိုင်ငံကို ထွက်လို့မရတော့ဘူး။ မြန်မာနိုင်ငံတော့ သွားလာခွင့်ရှိတယ်။ မြန်မာနဲ့ ထိုင်းနဲ့ ဒီနှစ်နိုင်ငံပဲပေါ့။ အနီးဆုံး အိမ်နီးချင်း လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတောင် သွားလို့ မရတော့ဘူး။ ထိုင်းနိုင်ငံထဲမှာပဲ အလုပ်လုပ်၊ ပြီးရင် မြန်မာပြည်ပြန်၊ ဒီနှစ်နိုင်ငံပဲ ကူးသန်းသွားလို့ရတယ် အဲလိုပုံစံပေါ့” လို့ ပြောပါတယ်။

‌CI စာအုပ်က ထိုင်းနိုင်ငံအတွင်းသာ ခရီးသွားလာခွင့်ရှိပြီး PJ ပတ်စ်ပို့ စာအုပ်မှာပါ အခုလို တံဆိပ်တုံးထုလိုက်တာက အလုပ်သမားတွေအတွက် နစ်နာရတယ်လို့လည်း ပြောပါတယ်။

CI ကနေ PJ ပတ်စ်ပို့ ပြောင်းလဲသူတွေကို တခြားနိုင်ငံ ဆက်သွားခွင့်မရအောင် ကန့်သတ်လိုက်တာက စစ်အုပ်စုရဲ့ ထိုင်းရောက် မြန်မာနိုင်ငံသားတွေအပေါ် ပြင်းပြင်းထန်ထန် ဖိနှိပ်တဲ့ လုပ်ရပ်လို့လည်း ထိုင်းရောက် အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

AAC အလုပ်သမားအရေး လှုပ်ရှားသူ ကိုရဲမင်း က “ကိုယ့်နိုင်ငံရဲ့ ပတ်စ်ပို့စာအုပ်နဲ့ တခြားနိုင်ငံကို သွားခွင့်မရဘူး ဆိုတာကတော့ ဒါ သက်သက်ကို နိုင်ငံသားရဲ့ အခွင့်အရေးကို ဖိနှိပ်ချုပ်ချယ်တာပေါ့။ အဓိကတော့ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ထိုင်းရောက် မြန်မာတွေကို ပြင်းပြင်းထန်ထန် ပစ်မှတ်ထား လုပ်နေတဲ့ သဘောပါပဲ။ ဆိုလိုတာက နိုင်ငံတခုရဲ့ ပတ်စ်ပို့စာအုပ်က နိုင်ငံပေါင်းစုံ သွားခွင့်ရှိရမယ်။ ဒါ နိုင်ငံတကာရဲ့ Law ပဲ။ ဒါပေမဲ့ အဲဒါကို ထိုင်းတနိုင်ငံတည်းမှာပဲ ကန့်သတ်တာက ဒါက နိုင်ငံသားတယောက်ရဲ့ အခွင့်အရေးကိုပါ လိုက်ပါပိတ်ဆို့နေတဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ အကြောက်လွန်တဲ့စိတ်ကြောင့် ထိုင်းရောက် မြန်မာနိုင်ငံသားတွေကို လိုက်ပိတ်ဆို့နေတာပေါ့။ နောက်တခုက တော်လှန်ရေးလုပ်တဲ့သူတွေလည်း ထိုင်းမှာ အများဆုံး ရှိတာဆိုတော့ ဒါကို သူတို့ ပစ်မှတ်ထားပြီး လုပ်တဲ့သဘောလို့ သုံးသပ်ပါတယ်” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံတွင်းမှာ ရောက်ရှိ နေထိုင်နေကြတဲ့ မြန်မာအရေအတွက် ၇ သန်းနီးပါးရှိပြီး အဲဒီထဲမှာ အထောက်အထားရှိတဲ့ အလုပ်သမားဦးရေက ၃ သန်းဝန်းကျင်ရှိတယ်လို့ ထိုင်းအရပ်ဘက်အဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

ဒီနှစ်ထဲမှာ CI စာအုပ် အသစ်လဲ၊ သက်တမ်းတိုးတဲ့ အလုပ်သမားက ၂ သိန်းခွဲကနေ ၃ သိန်း ဝန်းကျင်လောက် ရှိနိုင်ပြီး စာအုပ်အသစ် လျှောက်ထားမယ့် အလုပ်သမားအရေအတွက်က သိန်းချီ ရှိနိုင်တယ်လို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေ ခန့်မှန်းပြောဆိုပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013