
ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ တူညီတဲ့ နယ်စပ်တလျှောက်က စစ်အင်အားကို လျှော့ချသင့်ပြီး တင်းမာမှုတွေ တိုးမလာစေဖို့ အတူတကွ လုပ်ဆောင်သင့်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ် စီဟာစာ့တ် ပူအန် ကာ့က်ကောင်းက စက်တင်ဘာ ၂၅ ရက်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဝန်ကြီးချုပ် အာနုတင် ချန်ဝီရာကူးလ်နဲ့အတူ ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး အစောပိုင်းမှာ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ သဘောတူထားတဲ့ အပစ်အခတ်ရပ်စဲရေးကို ဆက်ထိန်းသိမ်းထားဖို့ လိုတယ်လို့ သူက အရင်နေ့က အလေးအနက် ပြောခဲ့ဖူးပါတယ်။
ဇူလိုင်လက လူအသေအပျောက်ရှိတဲ့ ၅ ရက်ကြာ ပဋိပက္ခကို အပစ်အခတ်ရပ်စဲရေး သဘောတူအပြီး ၂ နိုင်ငံခေါင်းဆောင်တွေက အဆုံးသတ်ခဲ့ပါတယ်။
ဦးစားပေးက အရှေ့တောင်အာရှ အိမ်နီးချင်းနှစ်နိုင်ငံကြား ငြိမ်းချမ်းရေးရဖို့ဖြစ်ပြီး နယ်စပ်ဒေသတွေမှာ တပ်ဖွဲ့ဝင်တွေနဲ့ လက်နက်ကြီးတွေကို ရုပ်သိမ်းဖို့ တောင်းဆိုခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပထမဆုံးနေ့မှာ သူက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
“ဒီလမ်းကို အတူတူလျှောက်ဖို့ ကျနော်တို့ လုပ်ဆောင်ရမှာပါ" လို့ စီဟာစစ်က ပြောပါတယ်။
အမြောက် ပစ်ခတ်မှုနဲ့ တိုက်လေယာဉ် အမျိုးအစားတွေပါ သုံးခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဇူလိုင်လမှာ ဖြစ်ခဲ့လို့ အငြင်းပွား နေရာတွေမှာ အခြေအနေ တင်းမာခဲ့ပါတယ်။
နှစ်နိုင်ငံကြား ဆယ်နှစ်အတွင်း အပြင်းထန်ဆုံး တိုက်ပွဲတွေအတွင်း လူ ၄၈ ဦးထက်မနည်း သေဆုံးပြီး ရာနဲ့ချီတဲ့လူတွေ အိုးအိမ်တွေကို ယာယီ စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
မလေးရှား နိုင်ငံမှာ ဇူလိုင် ၂၈ ရက်က အပစ်အခတ်ရပ်စဲရေး ကြားဝင်စေ့စပ်ပေးခဲ့လို့ နှစ်နိုင်ငံကြား အပစ်အခတ် ရပ်စဲရေး သဘောတူပြီးတဲ့နောက် တိုက်ပွဲတွေ ပြီးဆုံးခဲ့ပါတယ်။ နောက်ပိုင်းမှာ တင်းမာမှုတွေ ဆက်ရှိနေပေမဲ့ နယ်စပ်ဒေသအများစုက ငြိမ်သက်နေခဲ့ပါတယ်။
Source:Reuters










