DVB Logo
Home
Lead Story
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ စက္ကူကျား အာဆီယံ 
DVB
·
September 25, 2025
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ စက္ကူကျား အာဆီယံ 
Donate to DVB

ရွေးကောက်ပွဲအစီအစဉ် ဆွေးနွေးဖို့ မြန်မာနိုင်ငံလာမယ့် အာဆီယံကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်ကို အောက်တိုဘာလအထိ ရွှေ့ဆိုင်းလိုက်ပါတယ်။

လေ့လာသူတွေရဲ့ အဆိုအရ မြန်မာနဲ့ အာဆီယံခေါင်းဆောင်တွေကြားမှာ သံတမန်ရေးရာ အကျပ်အတည်း ဖြစ်နေပါတယ်။ စစ်အုပ်စုကတော့ ဒီနှစ်ထဲလုပ်မယ့် ရွေးကောက်ပွဲ အစီအစဉ်တွေကို အာဆီယံက ဝင်မစွက်ဖက်အောင် တားဆီးဖို့ ဆုံးဖြတ်ထားပုံရပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲက နိုင်ငံခြားရေးဝန်ကြီး ၄ ယောက်ဟာ သူတို့ရဲ့ မြန်မာပြည်ခရီးစဉ်ကို ပြီးခဲ့တဲ့အပတ်က ရွှေ့ဆိုင်းလိုက်ပါတယ်။ ဒီခရီးစဉ်က ဒီဇင်ဘာမှာ စတင်မယ့် ရွေးကောက်ပွဲနဲ့ တခြားကိစ္စတွေကို ဆွေးနွေးဖို့ ဖြစ်ပါတယ်။ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံက သံတမန်တွေဟာ စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ ပြီးခဲ့တဲ့ သောကြာနေ့မှာ မြန်မာနိုင်ငံကို လာရောက်ဖို့ စီစဉ်ထားတာပါ။

ဒါပေမဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်တဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ခရီးစဉ်ကို အောက်တိုဘာလ အစောပိုင်းအထိ ရွှေ့လိုက်တယ်လို့ ကြာသပတေးနေ့မှာ ပြောခဲ့ပါတယ်။ အသေးစိတ်ကိုတော့ ထပ်မပြောသွားဘူးလို့ Nikkei Asia သတင်းမှာ ဖော်ပြထားပါတယ်။ ဘာကြောင့် ဒီခရီးစဉ် ရွှေ့လိုက်တယ်ဆိုတဲ့ အကြောင်းရင်းကိုလည်း သူက တိတိကျကျ မပြောခဲ့ပါဘူး။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရွေးကောက်ပွဲအတွက် တရုတ်နဲ့ အိန္ဒိယရဲ့ ထောက်ခံမှုကို ရထားပြီးပြီလို့လည်း သိရပါတယ်။ ဒါကြောင့် အာဆီယံကို ဂရုစိုက်စရာ မလိုတော့ဘူးလို့ ဧရာဝတီသတင်းဌာနက အမည်မဖော်လိုသူတွေကို ကိုးကားပြီး ရေးသားထားပါတယ်။ ဒါကြောင့် မင်းအောင်လှိုင်အနေနဲ့ အာဆီယံ ကိုယ်စားလှယ်အဖွဲ့ကို ချော့မော့ပြီး အရေးတယူလုပ်ဖို့ မလိုဘူးလို့ ဆုံးဖြတ်ခဲ့တာ ဖြစ်နိုင်ကြောင်း သတင်းမှာ ဆိုပါတယ်။

ဝန်ကြီး မိုဟာမက်က ဒီခရီးစဉ်အကြောင်းကို သြဂုတ်လတုန်းက အတည်ပြုခဲ့တာပါ။ စစ်အုပ်စုဘက်က အရေးပေါ်အခြေအနေကို ရုပ်သိမ်းကြောင်း ကြေညာလိုက်ပြီးနောက် မြန်မာ့အခြေအနေကို လေ့လာဖို့ အာဆီယံ ကိုယ်စားလှယ်အဖွဲ့ကို သူကိုယ်တိုင် ဦးဆောင်မယ်လို့ မိုဟာမက်က ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ်က အာဆီယံနဲ့ သဘောတူထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ပါ ကတိကဝတ်တွေကို လိုက်နာရမယ်လို့လည်း သူက ပြောခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရတဲ့ NLD အစိုးရကို အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ထဲကို ရောက်သွားခဲ့ပါတယ်။ အခုချိန်ထိ လူ ၇,၀၀၀ လောက် သေဆုံးခဲ့ပြီး အယောက် ၃၀,၀၀၀ အကျဉ်းချခံထားရကာ သိန်းနဲ့ချီတဲ့ ပြည်သူတွေ အိမ်ရာမဲ့ ဖြစ်ခဲ့ရပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဇော်မင်းထွန်းက “ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်က ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့” မြန်မာနိုင်ငံရဲ့ အရေးပေါ်အခြေအနေကို ရုပ်သိမ်းလိုက်ပြီလို့ ဇူလိုင်လမှာ ကြေညာခဲ့ပါတယ်။ အဲဒီကြေညာချက်အပြီးမှာတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူတဲ့ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကော်မရှင် အသစ်ကို ဖွဲ့စည်းခဲ့ပါတယ်။

နိုင်ငံရဲ့ ရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက စစ်တပ်ရဲ့ ဖမ်းဆီးချုပ်နှောင်ထားခြင်းကို ခံနေရပါတယ်။ သူ့ရဲ့ ကျန်းမာရေး အခြေအနေက ပိုဆိုးလာနေပြီး အသက်အန္တရာယ်အတွက် စိုးရိမ်ရတယ်လို့ သူ့မိသားစုက ပြောဆိုထားပါတယ်။

ပြည်တွင်းစစ်မှာ တော်လှန်ရေးအဖွဲ့တွေကို နယ်မြေတွေ ဆုံးရှုံးနေရတာကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ ထက်ဝက်အောက်ကိုပဲ ထိန်းချုပ်ထားနိုင်ပါတော့တယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဆိုတာ သူတို့ရဲ့ အုပ်ချုပ်မှုကို တရားဝင်ဖြစ်အောင်လုပ်ပြီး အာဏာသက်ဆိုးရှည်ဖို့ ကြံစည်မှုတခုပဲလို့ ဝေဖန်သူတွေက ပြောပါတယ်။ “တနိုင်ငံလုံးမှာ အကြမ်းဖက်မှုတွေ၊ အစုလိုက် အပြုံလိုက် ဖမ်းဆီးမှုတွေနဲ့ အတိုက်အခံပါတီတွေကို ဖျက်သိမ်းတာမျိုးတွေကို စစ်အုပ်စုက အသည်းအသန် ပြုလုပ်နေပါတယ်။ ဒါ့အပြင် ပဋိပက္ခတွေနဲ့ နေရပ်စွန့်ခွာရတဲ့ ပြဿနာတွေကြောင့်လည်း လူသန်းပေါင်းများစွာဟာ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရဘဲ ချန်လှပ်ခံထားနေရပါတယ်။ ဒီလိုအခြေအနေဆိုးတွေကြားမှာမှ စစ်အုပ်စုက ရွေးကောက်ပွဲကို ကျင်းပမှာဖြစ်ပါတယ်။” လို့ ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ရဲ့ အပြည်ပြည်ဆိုင်ရာပြည်သူ့ဝန်ဆောင်မှုအဖွဲ့က ဒီလအစောပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

ရွေးကောက်ပွဲထက် ငြိမ်းချမ်းရေးကို ဦးစားပေးဖို့လို

အာဆီယံကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ် ရွှေ့ဆိုင်းလိုက်တာဟာ မင်းအောင်လှိုင်က နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဖို့၊ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အာဆီယံရဲ့ စိုးရိမ်မှုတွေကို ဖြေရှင်းပေးဖို့ ဆန္ဒမရှိဘူးဆိုတဲ့ သတင်းတွေကို ပိုပြီး အတည်ပြုလိုက်တဲ့သဘောလို့ သုံးသပ်သူတွေက ဆိုပါတယ်။

ISEAS-Yusof Ishak Institute က မြန်မာ့အရေးလေ့လာမှု ပရိုဂရမ်ရဲ့ ညှိနှိုင်းရေးမှူး မိုးသူဇာက အာဆီယံရဲ့ ရွေးကောက်ပွဲအပေါ် သဘောထားနဲ့ ကိုယ်စားလှယ်အဖွဲ့က စစ်ကောင်စီနဲ့တွေ့ဖို့ စီစဉ်တာက ကိုက်ညီမှုရှိတယ်လို့ This Week in Asia ကို ပြောပါတယ်။ “အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက စစ်ကောင်စီ ကိုယ်စားလှယ်ကို ပြောထားပြီးသားပါ။ ရွေးကောက်ပွဲထက် ငြိမ်းချမ်းရေးကသာ ဦးစားပေးဖြစ်ရမယ် ဆိုတာကိုလေ” လို့ သူက ဆိုပါတယ်။ စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့တွေရှိရာ မြို့နယ် ၆၃ ခုမှာ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့အတွက် အာဆီယံက ရွေးကောက်ပွဲအပေါ် စိုးရိမ်နေတယ်လို့ သူက ထောက်ပြပါတယ်။

ကိုယ်စားလှယ်အဖွဲ့က စစ်ကောင်စီနဲ့တွေ့ဖို့ စီစဉ်တာဟာ အာဆီယံက မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့နဲ့ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့ ကတိကဝတ်ရှိတာကို ပြနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

မူဝါဒပိုင်း သုံးသပ်သူနဲ့ အာဆီယံအရေး လေ့လာသူ ဗူလမ်ကတော့ ခရီးစဉ် ရွှေ့ဆိုင်းလိုက်ရတာဟာ မြန်မာ့ပြည်တွင်းရေးကို ဒေသတွင်းက ဝင်စွက်ဖက်မှာကို စစ်ကောင်စီက လက်မခံလို့ ဖြစ်ပေါ်လာတဲ့ “သံတမန်ရေးရာ အကျပ်အတည်း” ကို ထင်ဟပ်နေတယ်လို့ ဆိုပါတယ်။ “အာဆီယံအဖွဲ့အနေနဲ့ စစ်ကောင်စီရော၊ အတိုက်အခံနဲ့ပါ ဆက်ဆံရေးလမ်းကြောင်းတွေ ဖွင့်ထားသင့်ပါတယ်။ အကြမ်းဖက်မှုတွေ လျော့ကျအောင် တွန်းအားပေးပြီး ဖြစ်နိုင်ရင် လွတ်လပ်တဲ့ စောင့်ကြည့်လေ့လာမှုတွေလုပ်ဖို့ တိုက်တွန်းသင့်ပါတယ်” လို့ လမ်က ပြောပါတယ်။

ဘယ်လိုရွေးကောက်ပွဲမျိုးမဆို လူတိုင်းပါဝင်ခွင့်ရှိပြီး “အခြေခံ ယုံကြည်နိုင်တဲ့ စံနှုန်းတွေနဲ့ ကိုက်ညီဖို့” လိုတယ်ဆိုတာကို အာဆီယံက မြန်မာကို အလေးအနက်ထား ပြောသင့်တယ်လို့ ဆိုပါတယ်။ မြန်မာ့အရေးဆွေးနွေးဖို့ တိုးတက်မှုမရှိတာက အာဆီယံရဲ့ “ဝင်ရောက်မစွက်ဖက်ရေးမူ” နဲ့ အရေးယူဆောင်ရွက်နိုင်တဲ့ အာဏာမရှိတာကြောင့် ဖြစ်တယ်လို့ လမ်က ပြောပါတယ်။

“ဒါပေမဲ့ ဒါက အာဆီယံအတွက် သူတို့ရဲ့ မျှော်မှန်းချက်တွေကို ရှင်းရှင်းလင်းလင်းပြောဖို့၊ သံတမန်ရေးရာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုခိုင်မာအောင်လုပ်ဖို့နဲ့ မူဝါဒခိုင်မာပြီး စည်းလုံးတဲ့ ရပ်တည်ချက်တွေ ချမှတ်ပြီး ယုံကြည်မှုကို ပြန်တည်ဆောက်ဖို့ အခွင့်အရေးတခုလည်း ဖြစ်ပါတယ်” လို့ သူက ထပ်ပြောပါတယ်။ “ကြားဝင်ညှိနှိုင်းပေးသူတယောက်အနေနဲ့ အာဆီယံဟာ သတ်မှတ်ချက်တွေကို မလိုက်နာရင် ဘယ်လိုအကျိုးဆက်တွေ ရှိလာမလဲဆိုတာကို သဘောတူညီမှုရအောင် ကြိုးစားနိုင်ပါတယ်။ ဥပမာ - အာဆီယံ အစည်းအဝေးအားလုံးမှာ မြန်မာရဲ့ ပါဝင်မှုကို ပိုပြီး ကန့်သတ်တာမျိုးပေါ့” လို့ သူက ဆိုပါတယ်။

ဆမ် ဘယ်လ်ထရန်

Ref: SCMP

(ဟောင်ကောင်အခြေစိုက်  South China Morning Post  သတင်းစာဝက်ဆိုက်တွင် သတင်းထောက် Sam Beltran ရေးသားထားသည့် “Asean’s failure to meet Myanmar junta over election shows its ‘limited leverage’” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013