
လုပ်ကြံခံခဲ့ရတဲ့ ချာလီကာ့ခ်ရဲ့ အမျိုးသမီးကို ABC သတင်းဌာနရဲ့ ရုပ်သံတင်ဆက်သူ ဂျင်မီကင်းမဲလ်က ချီးကျူးခဲ့ပါတယ်။
ကင်းမဲလ်ဟာ ပြီးခဲ့တဲ့အင်္ဂါနေ့က ရုပ်သံအစီအစဉ် ပြန်လည်တင်ဆက်ခဲ့ပြီး “လူငယ်တယောက် အသတ်ခံရတာကနေ ကျနော်တို့ အမြင်မှန်ရတာမျိုး မလိုချင်ကြောင်း” လည်း ပြောဆိုခဲ့ပါတယ်။
“ယောက်ျားကိုသတ်တဲ့ တရားခံကို ခွင့်လွှတ်ခဲ့တဲ့ ချာလီကာ့ခ်ရဲ့ အမျိုးသမီးကို ကျနော် ချီးကျူးပါတယ်။ ဒါက ကျနော်တို့လုပ်ဆောင်ရမယ့် ဥပမာတခုပါ။ ဝမ်းနည်းနေတဲ့ မုဆိုးမတယောက် ဆီက ခွင့်လွှတ်ခြင်းက ကျနော့်ကို နက်နက်ရှိုင်းရှိုင်း ခံစားရပါတယ်” လို့ ကင်းမဲလ်က ပြောဆိုခဲ့တာပါ။
ကင်းမဲလ်ဟာ ကွန်ဆာဗေးတစ် တက်ကြွလှုပ်ရှားသူ ချာလီကာ့ခ် လုပ်ကြံခံရတာကို ပြောဆိုခဲ့မှုနဲ့ ပတ်သက်ပြီး ထရမ့်ပ်အစိုးရအဖွဲ့ရဲ့ ဒေါသနဲ့ ရင်ဆိုင်ခဲ့ရပြီး တပတ်ကြာ အစီအစဉ်တင်ဆက်ခွင့် ရပ်ဆိုင်းခံခဲ့ရတာ ဖြစ်ပါတယ်။
“ကျနော်တို့ ကင်းမဲလ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီဆွေးနွေးမှုတွေ ပြီးတဲ့နောက်မှာ သူ့ရဲ့ တီဗွီအစီအစဉ်ကို ပြန်စဖို့ ကျနော်တို့ ဆုံးဖြတ်ခဲ့ပါတယ်” လို့ ဒစ်စနေက ပြောပါတယ်။
ABC ရုပ်သံရဲ့ ရုပ်သံထုတ်လွှင့်ခွင့်လိုင်စင် ရုပ်သိမ်းဖို့ ဗဟိုအစိုးရ ရုပ်သံအဖွဲ့အစည်းက ခြိမ်းခြောက်ခဲ့ပြီးနောက် ကင်းမဲလ်ကို အစီအစဉ်တင်ဆက်ခွင့် ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို ရပ်ဆိုင်းခဲ့ပြီးနောက် အမေရိကန်နိုင်ငံတဝန်း လွတ်လပ်စွာပြောဆိုခွင့်နဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။
ဒါ့အပြင် ထရမ့်ပ်က သူ့အပေါ် ဘယ်လိုသဘောထားတယ် ဆိုတာနဲ့ တိတ်ဆိတ်နေတဲ့ အခြား အစီအစဉ်တင်ဆက်သူတွေက အမေရိကန်တွေ မဟုတ်ကြောင်းလည်း ကင်းမဲလ်က ပြောပါတယ်။
ABC သတင်းဌာနက ကင်းမဲလ်ကို အစီအစဉ် ပြန်လည်ထုတ်လွှင့်ခွင့်ပေးတာနဲ့ ပတ်သက်ပြီး မယုံကြည်နိုင်စရာ ကောင်းကြောင်း အစီအစဉ် မထုတ်လွှင့်မီ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။
ABC ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ ဝေါ့ဒစ်စနေဟာ စက်တင်ဘာ ၂၂ ရက်က ကင်းမဲလ်ကို ရုပ်သံပြန်ထုတ်လွှင့်ပေးမယ်လို့ ကြေညာထားပါတယ်။
ကင်းမဲလ်ရဲ့ ရုပ်သံအစီအစဉ်ကို ထုတ်လွှင့်ပေးတဲ့ နတ်စတာမီဒီယာနဲ့ ဆင့်ကလဲယားတို့ဟာ အမေရိကန်နိုင်ငံတဝန်း ၂၃ ရာခိုင်နှုန်းအထိ ဖြန့်ကြက်နိုင်ပါတယ်။











