
မကွေးတိုင်း၊ ထီးလင်းမြို့နယ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၂ ဖွဲ့ဟာ စက်တင်ဘာ ၂၃ ရက်မှာ အတူပူးပေါင်းလိုက်ကြတယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ဗိုလ်ဂဠုန်က “ပြည်သူကို မျက်နှာမူပြီးတော့ မတူညီတာတွေ ခဏထားပြီး တော်လှန်ရေးကို အကောင်းဆုံး လုပ်နိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ အကြိမ်ကြိမ် တွေ့ဆုံညှိနှိုင်းပြီး သဘောတူညီချက်တွေ ရရှိကြလို့ ပူးပေါင်းလိုက်ကြတာပါ။ အခုတော့ တမြို့နယ်လုံးလွှမ်းခြုံတဲ့ ပကဖ အဖြစ် ဖွဲ့စည်းနိုင်ခဲ့ပါပြီ” လို့ DVB ကို ပြောပါတယ်။
အဆိုပါ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းနိုင်ဖို့ တွေ့ဆုံညှိနှိုင်းတာတွေ အကြိမ်ကြမ် ပြုလုပ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ထီးလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဘုန်းက “ထီးလင်းမြို့နယ်ထဲမှာ အရင်ကတည်းက ရွာပေါင်း ၆၀ လောက်ကို စိုးမိုးထားနိုင်တဲ့ NUG-MOD လက်အောက်က ပကဖ နဲ့ ရွာပေါင်း ၃၀ လောက်ကို စိုးမိုးထားတဲ့ ဒေသပကဖတွေဆိုပြီး ၂ ဖွဲ့ရှိနေခဲ့တာပါ။ အခုတော့ အဲဒီရွာပေါင်း ၃၀ လောက်ကို စိုးမိုးထားတဲ့ ဒေသပကဖတွေဟာ NUG-MOD အောက်မှာ ရှိနှင့်ပြီးဖြစ်တဲ့ ပကဖနဲ့ အတူပူးပေါင်းလိုက်ကြတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
အခုလို ပူးပေါင်းလာတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ စိုးမိုးနယ်မြေတွေမှာရှိတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့လည်း အတူပူးပေါင်းနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ထီးလင်းမြို့နယ်မှာ ထီးလင်းမြို့ပေါ်ကလွဲပြီး ကျန်နယ်မြေအားလုံးကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က စိုးမိုးထားတာလည်း ဖြစ်ပါတယ်။











