
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်ရဲ့ သတိပေးချက်အပြီးမှာ ဥရောပကော်မရှင်ရဲ့ ဆေးဝါးအေဂျင်စီက ကိုယ်ဝန်ဆောင်ချိန် ပါရာစီတမော သုံးစွဲမှုနဲ့ အော်တစ်ဇင်ဖြစ်မှုတို့ ပတ်သက်တဲ့ သက်သေအထောက်အထားမရှိဘူးလို့ ပြောခဲ့တဲ့အကြောင်း ဥရောပကော်မရှင်က စက်တင်ဘာ ၂၃ ရက်မှာ အတည်ပြု ပါတယ်။
ဥရောပဆေးဝါးအေဂျင်စီဟာ ကိုယ်ဝန်ဆောင်ချိန် ပါရာစီတမော သောက်ခဲ့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဆီက အချက်အလက် အများအပြားကို ပြန်သုံးသပ်ခဲ့ပြီး ဖွံ့ဖြိုးဆဲသန္ဓေသား ဒါမှမဟုတ် မွေးကင်းစကလေးငယ်တွေမှာ ပုံသဏ္ဍာန် ချို့ယွင်းမှုအန္တရာယ်ကို မတွေ့ရှိရဘူးလို့ ဥရောပကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ အယ်ဗာဟန်စီရိုဗာက ပြောပါတယ်။
ဒီအခိုင်အမာပြောဆိုချက်တွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း အစောပိုင်းမှာ ကျောထောက် နောက်ခံပေးထားပြီး ပတ်သက်ချိတ်ဆက်မှုဆိုင်ရာ အထောက်အထားတွေက ရှေ့နောက် မညီသေးဘူးလို့ ရှင်းပြခဲ့ပြီး ကောက်ချက်ဆွဲရာမှာ သတိထားဖို့ တိုက်တွန်းထားပါတယ်။
ထရမ့်ပ်က အော်တစ်ဇင်ဝေဒနာကို ကလေးဘဝကာကွယ်ဆေးသုံးတာနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေက တိုင်လီနောသောက်တာတွေနဲ့ ဆက်စပ်နေတယ်လို့ စက်တင်ဘာ ၂၂ ရက်မှာ ချိတ်ဆက်ပြောဆိုခဲ့တာပါ။
ထရမ့်ပ်ရဲ့ စကားတွေဟာ အမေရိကန် ကျန်းမာရေးမူဝါဒရဲ့ ရှေ့တန်းဖြစ်တဲ့ သိပ္ပံနည်းကျအထောက်အထားတွေနဲ့ ကျောထောက်နောက်ခံ ပေးထားတာမရှိတဲ့ အခိုင်အမာ ပြောဆိုချက်တွေ ဖြစ်ခဲ့ပါတယ်။
တနင်္လာနေ့က အိမ်ဖြူတော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထရမ့်ပ်က ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေရဲ့ မိဘတွေကို ဆေးဘက်ဆိုင်ရာ အကြံဉာဏ်တွေ ပေးခဲ့ပြီး အကိုက်အခဲပျောက်ဆေး မသုံးဖို့ ထပ်ခါတလဲလဲ ပြောပြီး ဘုံကာကွယ်ဆေးတွေကို တွဲမသောက်ဖို့ ဒါမှမဟုတ် ကလေးအသက်ငယ်ငယ်မှာ ကာကွယ်ဆေး မတိုက်ဖို့ အကြံပြုခဲ့ပါတယ်။
Source:Reuters











