
သိုးမှာကူးစက်တဲ့ ပြင်းထန်တဲ့ ရေကျောက်ဗိုင်းရပ်စ်ဟာ သိုးအုပ်တွေကို ကူးစက်နေလို့ သိုးတွေအများအပြား သေကျေနေတဲ့အတွက် ဂရိနိုင်ငံအလယ်ပိုင်းက တိရစ္ဆာန်မွေးသူတွေ စိတ်ပျက်လက်ပျက် ဖြစ်နေကြပါတယ်။
တိရစ္ဆာန် သယ်ယူပို့ဆောင်ရေးကို နိုင်ငံတဝန်း ပိတ်ဆို့ လော့ဒေါင်းချနိုင်တယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။
အစောပိုင်းသီတင်းပတ်တွေအတွင်း သိုးအကောင် ၉၀၀ လုံးကို သုတ်သင်ရှင်းလင်းခဲ့ပြီး ဂရိနိုင်ငံအလယ်ပိုင်းက သဲဆက်လီဒေသကကီလဲ့လယ် မြူနီစပယ်ဒေသက သူ့ခြံကနေ မီတာပိုင်း အကွာအဝေးမှာ မြှုပ်နှံခဲ့တယ်လို့ ကလေး ၃ ယောက်ဖခင် သိုးခြံပိုင်ရှင်တယောက်က ပြောပါတယ်။
သူဟာ မွေးမြူရေးခြံ ခေတ်မီစေဖို့ ၂၀၂၀ ပြည့်နှစ်ကတည်းက ယူရို ၂ သန်းနီးပါး ရင်းနှီးမြှုပ်နှံ ခဲ့တာဖြစ်ပြီး ခုတော့အားလုံး အသံတိတ်သွားပါပြီ။
နိုင်ငံထဲမှာ အလွန်ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်ပိုးကူးစက်မှုဟာ အစားအသောက်ဈေးနှုန်းတွေ မြင့်တက်လာမယ့် ဘေးနဲ့ ခြိမ်းခြောက်နေပြီး ဂရိနိုင်ငံရဲ့ ကျော်ကြားတဲ့ ဒိန်ခဲ feta ထုတ်လုပ်မှုကို ထိခိုက်စေပါတယ်။
ဂရိရဲ့ စိုက်ပျိုးရေး ဗဟိုချက်ဖြစ်တဲ့ သဲဆက်လီဒေသတခွင်မှာ သိုးနဲ့ ဆိတ် အကောင်ရေ ၂၆,၀၀၀၀ ကျော်ဟာ သိုးကျောက် ရောဂါကြောင့် သေဆုံးခဲ့တာပါ။
ဒါဟာ တနိုင်ငံလုံးက အကောင်ရေရဲ့ ၂ ရာခိုင်နှုန်းဖြစ်ပြီး ကျန်ခဲ့တဲ့ ၁၂ လအတွင်း သုတ်သင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါကြောင့် မွေးမြူရေးခြံ ၁,၁၀၀ လောက် ပိတ်ချခဲ့ရတာပါ။ ကီလဲ့လယ်ဒေသက အဆိုးဆုံး ထိခိုက်ခဲ့ပြီး တိရစ္ဆာန် ၄၀,၀၀၀ ကျော်ကို သုတ်သင်ခဲ့ရလို့ မွေးမြူရေးခြံ ၈၀ လောက်ကို ဇူလိုင် တည်းက ပိတ်ခဲ့ရပါတယ်။
အာဏာပိုင်တွေက ၁၀ ရက်ကြာ အရေးပေါ်စီမံချက်ကို စတင်ခဲ့ပြီး တိရစ္ဆာန်ဆေးကု ဆရာဝန်တွေကို မွေးမြူရေးခြံတွေဆီ စေလွှတ်ရင်း ပိုးသတ်ဆေးဇုန်တွေ သတ်မှတ်ပေးခဲ့ပါတယ်။
ဒါပေမဲ့ တော်တော်များများက တုံ့ပြန်မှု အရမ်းနောက်ကျတယ်လို့ ပြောကြပါတယ်။ သဲဆက်လီ မွေးမြူသူများ အသင်းချုပ်က အကြီးအကဲ ဒမစ်ထရစ်ပါလူကက်စ်က ကူးစက်ပြန့်ပွားမှုကို တားဆီးဖို့လိုတဲ့ အစီအမံတွေကို လွန်ခဲ့တဲ့ လတွေကတည်းက လုပ်ခဲ့သင့်တာလို့ ပြောပါတယ်။
Source:Reuters










