DVB Logo
Home
မြန်မာသတင်း
ကိုပါကြီးသေဆုံးမှု အရပ်ဘက်တရားရုံးတွင် စစ်ဆေးရန် လူ့အခွင့်အရေးကော်မရှင် တိုက်တွန်း
DVB
·
December 2, 2014
ကိုပါကြီးသေဆုံးမှု အရပ်ဘက်တရားရုံးတွင် စစ်ဆေးရန် လူ့အခွင့်အရေးကော်မရှင် တိုက်တွန်း
Donate to DVB

အလွတ်သတင်းထောက် ကိုပါကြီး သေဆုံးမှုနဲ့ပတ်သက်ပြီး နိုင်ငံသားအခွင့်အရေးရရှိစေဖို့နဲ့ ပွင့်လင်းမြင်သာမှုရှိစေဖို့ နယ်ဘက်ဆိုင်ရာ တရားရုံးတွေမှာ အမှုစစ်ဆေးဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်ရေးကော်မရှင်က အကြံပြုတိုက် တွန်းလိုက်ပါတယ်။

Ko Par Gyi06112014ဒီအမှုနဲ့ပတ်သက်ပြီးအပြီးသတ်စုံစမ်းတွေ့ရှိချက်အစီရင်ခံစာကို လူ့အခွင့်ရေး ကော်မရှင်က ဒီဇင်ဘာလ၂ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တာဖြစ်ပြီး အစီရင်ခံစာကို သမ္မတထံ မနေ့က တင်သွင်းလိုက်ပြီလို့ ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ဦးစစ်မြိုင်က ဒီဗွီဘီကို ပြောပါတယ်။

“လက်ရှိတော့ အစီရင်ခံစာ ကျနော်တို့ တင်လိုက်ပါပြီ။ စောလျင်စွာ တင်ပြရန်ဆိုတော့ ကျနော်တို့ ၁ လ ကြာပါတယ်။ နောက် သက်သေ ၄၇ ဦးနဲ့ စစ်ဆေးမှု အကြိမ်ပေါင်း ၉၀ ကျနော်တို့ စစ်ခဲ့တာပေါ့။ ကျနော်တို့ရဲ့ ထုတ်ပြန်ချက်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၇ ပါ နိုင်ငံသားအခွင့်အရေးကို ရရှိခံစားနိုင်ဖို့အတွက် ပွင့်လင်းမြင်သာရှိဖို့အတွက် နယ်ဖက် တရားရုံးမှာ စစ်ဆေးဖို့ အကြံပြုတာ ဒါအဓိကပါပဲ”လို့ ဦးစစ်မြိုင်က ပြောပါတယ်။

ကော်မရှင်အနေနဲ့ ကိုပါကြီး ခေါ် ကိုအောင်နိုင်ဟာ ကေကေအို ကရင်လက်နက်ကိုင် အဖွဲ့ဝင်လို့ ပြောနိုင်တဲ့ ခိုင်မာတဲ့အထောက်အထား မရှိဘဲ အလွတ်သတင်းထောက် ဆိုတာ မှန်ကန်တယ် ဒါပေမယ့် ကိုပါကြီးဟာ မှတ်ပုံတင် အတု ကိုင်ဆောင်ထားသူဖြစ်တယ်လို့ ကော်မ၇ှင်က ဆိုပါတယ်။

ကော်မရှင်ရဲ့အစီရင်ခံစာထဲမှာ ကိုပါကြီးဟာ အစောင့်တပ်သားဆီက သေနတ်လုဖို့ ကြိုးစားခဲ့လို့ အနီးနားက ဒုတပ်ကြပ်က သေနတ်နဲ့ ၂ ချက်ပစ်ခတ်ခဲ့ကြောင်း ရေးသားထားပေမယ့် စစ်တပ်က ကိုပါကြီးကို ဖမ်းဆီးထိမ်းသိမ်းထားစဉ်မှာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်သည့် သက်သေထွက်ဆိုချက်တွေ မရှိဘူးလို့ ဖော်ပြပါတယ်။

ကိုပါကြီးအမှုနဲ့ ပတ်သက်ပြီး ဥပဒေအရ လိုက်ပါကူညီပေးတဲ့ ရှေ့နေ ဦးရောဘတ်ဆန်းအောင် ကလည်း လူ့အခွင့်အရေးကော်မရှင်ရဲ့ အစီရင်ခံစာကို လက်မခံနိုင်ဘူး လို့ ပြောပါတယ်။

“ညှဉ်းပန်းနှိပ်စက်တာကို မျက်မြင်သက်သေ မရှိဘူးလို့ သူက ဆိုတယ်။ နောက်ဆရာဝန်ရဲ့ ဆေးစစ်ချက်မှတ်တမ်းကလည်း နံရိုးတွေကျိုးတာ၊ ညို့သကျည်းကျိုးတာ၊ နောက်ကျောမှာ သေနတ်ဒဏ်ရာမရှိတာ မေ့စေ့ထိတာ။ ဦးခေါင်းထိပ်တည့်တည့်ကနေ အောက်ကိုဆင်းတဲ့ အရာတွေ ဒါက ဘားအံခရိုင်ဆရာဝန်ကြီး ဒေါက်ခင်မောင်ဦးကိုယ်တိုင် ကျနော့်ကို ပြလို့ တွေ့ခဲ့ရတဲ့အချက်။ ဆိုတော့ အဲဒါတွေနဲ့ကြည့်မယ်ဆိုရင် လူကောင်းပကဓိတယောက်ဟာ သာမန်အနေအထားနဲ့ အဲဒီလို ဒဏ်ရာမျိုး ရစရာအကြောင်းမရှိဘူး။ အခုဟာက ညှဉ်းပန်းနှိပ်စက်လို့ ရတယ်ဆိုတာကို အဓိပ္ပါယ်ဖွင့်ဆို ကောက်ယူနိုင်ပါရဲ့နဲ့ အဲလို မဟုတ်ဘဲ အဓိပ္ပါယ်ဖော်ပြတဲ့အတွက် ဒီဟာကို ကျနော်တို့က လက်မခံနိုင်ဘူး။”

ကိုပါကြီးရဲ့ဇနီး ဒေါ်သန္တာကလည်း လူ့အခွင့်အရေးကော်မရှင်ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး “ဒီထဲမှာတော့ အဓိကအရေးကြီးတဲ့ ၂၀၀၈ ဖွဲ့စည်းပုံမှာပါတဲ့ နိုင်ငံသား အခွင့်အရေးကို ကာကွယ်ရမယ်ဆိုတဲ့ အချက်ကို နောက်ဆုံးပိတ်မှာ နည်းနည်းရေးပဲရေးထားတယ်။ လူ့အခွင့်အရေးကိုလည်း မပါသလောက်ထည့်ထားတယ်။ အဓိက ပြထားတာ အဲဒီ ကျိုက်မရောဒေသမှာ ဘယ်လိုတိုက်ပွဲတွေဖြစ်တယ် ဘာကြောင့်ဖြစ်တယ်ဆိုတဲ့ဟာပဲ အဓိက ဖော်ပြထားတယ်။ အမှန်တကယ်က တိုက်ပွဲဖြစ်စဉ်ဆိုတာထက် ကိုပါကြီးဘာကြောင့် သေဆုံးသွားတယ်။ လူ့အခွင့်အရေး၊ နိုင်ငံသား အခွင့်အရေး ဘယ်လို ချိုးဖောက်ခံရတယ် ဆိုတာမျိုးပဲ ပြောရမှာ။ ဒါပေမယ့် ၁၆ မျက်နှာလောက်ရှိထဲအထဲမှာ ပထမ ၁၀ မျက်နှာလောက်က ကိုပါကြီးနဲ့ လုံးဝတိုက်ဆိုင်တဲ့ တိုက်ပွဲဖြစ်စဉ်တွေချည်း ပြောထားတယ်ဆိုတော့ ဒီလူ့အခွင့်အရေး ကော်မရှင်က ဘာကို ထုတ်ပြန်ချင်လဲ ဆိုတာကို ကျမ တော်တော်စဉ်းစားရတယ်” လို့ ပြောပါတယ်။

အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာတော့ ကိုပါကြီးကို မသင်္ကာဖွယ်ရာ အထောက်အထားတွေနဲ့ ကျိုက်မရောမြို့ပေါ်မှာ ဖမ်းဆီးခဲ့ပေမယ့် ရဲတပ်ဖွဲ့က နယ်ထိန်း အစီရင်ခံစာ ရေးသားတင်သွင်းတာနဲ့ မသင်္ကာမှုနဲ့ မှတ်တမ်းတင်တာမရှိဘူးလို့ရေးပါတယ်။

ထပ်မတော်အနေနဲ့လည်း ကိုပါကြီးဟာ ဒီကေဘီအေနဲ့ ကေကေအိုအဖွဲ့ဝင်တွေ ဟုတ်မဟုတ် ဆက်သွယ် မေးမြန်းဖို့အခွင့်အရေးရှိပေမယ့် ဆုံးခန်းတိုင်စိစစ်မှုတွေ မလုပ်ခဲ့ဘူးတဲ့အကြောင်းနဲ့ ဖမ်းဆီးရာမှာ သေဆုံးသွားခြင်းနဲ့ ပတ်သက်ပြီး အချိန်နဲ့တပြေးညီ ပွင့်လင်းမြတ်သားစွာ သတင်းထုတ်ပြန်ခဲ့တာ မရှိဘူးလို့ ထောက်ပြဝေဖန်ထားပါတယ်။

ဒီအစီရင်ခံစာကို လူ့အခွင့်အရေးကော်မရှင်အနေနဲ့ သမ္မတထံ အမြန်ဆုံးတင်သွင်းဖို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက် ကိုပါကြီးသေဆုံးပြီး ၁ လအကြာမှာ သမ္မတရုံးက ညွန်ကြားထားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013