DVB Logo
Home
နိုင်ငံတကာ
ထိုင်းမြောက်ပိုင်းတွင် ရေကြီးရေလျှံ၊  လာမည့် ၃ ရက်အတွင်း မုန်တိုင်းသတိပေးချက် ထုတ်ပြန် 
DVB
·
September 23, 2025
ထိုင်းမြောက်ပိုင်းတွင် ရေကြီးရေလျှံ၊  လာမည့် ၃ ရက်အတွင်း မုန်တိုင်းသတိပေးချက် ထုတ်ပြန် 
1 / 10
Donate to DVB

ထိုင်းမြောက်ပိုင်း ချင်းရိုင်း၊ ချင်းမိုင်၊ ဖစ်ချဘွန်းစတဲ့ခရိုင်တွေထဲမှာ စက်တင်ဘာ ၂၂ ရက်က မိုးသည်း ထန် ရေကြီးရေလျှံဖြစ်ပွားခဲ့ပြီး ဒီနေ့ စက်တင်ဘာ ၂၃ ရက် ကနေ  ၂၆ ရက်အထိ  ဒေသအ တော်များများမှာ မိုးသည်းထန်၊ ရေကြီးဦးမယ်လို့ ထိုင်းမိုးဇလဌာနက သတိပေးထုတ် ပြန်ထားပါတယ်။ 

ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ထဲမှာ မနေ့က တနေ့လုံး မိုးရွာတာကြောင့် ဝိန်းဖန်ခမ်း၊ မိုက်လုံးခွန် စတဲ့ ရပ်ကွက်ရှိ အနိမ့်ပိုင်းတွေမှာ ရေဝင်ရောက်ခဲ့ပါတယ်။ 

ချင်းမိုင်ခရိုင် မဲ့ကျဲမ်မြို့မှာလည်း မနေ့က မိုးသည်းထန်တာကြောင့် မဲ့ကျဲမ်ချောင်းရေလျှံပြီး ချန့်ခိန့် နဲ့ ထာ့ဖာ ရက်ကွက်ထဲရှိ စာသင်ကျောင်း၊ အစိုးရရုံးနဲ့ နေအိမ်တွေထဲ ရေဝင်ရောက်ခဲ့ပါတယ်။

ရေတွေ ခါးလည်လောက်ထိ ရေတက်လာတာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေ အိမ်ထဲပိတ်မိနေသူတွေကို အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရတယ်၊ မဲ့ကျဲမ်နဲ့ မယ်ဟောင်ဆောင်ခရိုင် ခွန်ယုံးသွားလမ်းပေါ်ရှိ မဲ့နားကျွမ်းတံတားအောက်မှာ ရေအမြင့် ၆ မီတာကျော်တက်လာတာကြောင့်  ဒီကနေ့မနက်ကစ တံတားဖြတ်သန်းသွားလာမှု ယာယီပိတ်ထားရတယ်လို့ ချင်းမိုင်နယူးစ် သတင်းမှာ ဖော်ပြပါတယ်။ 

ဒါ့အပြင် ချင်းမိုင်ခရိုင်၊ မဲ့လိမ်းမြို့နယ်ထဲမှာလည်း စက်တင်ဘာ ၂၂ ညနေက ၃ နာရီကျော်ကြာ မိုးသည်းထန်ရွာတဲ့နောက် မယ်ဆာချောင်းက တောင်ကျရေတွေ မဲ့လျဲမ်း၊ ဟွေ့ကျို့၊ ထုန့်ဟ၊ ပါမုံ့၊ ထာ့မအိုးနိုင်းစတဲ့ ရပ်ကွက်ထဲ ဝင်ရောက်ခဲ့ပါတယ်။

ရေတက်နှုန်းမြန်တာကြောင့် ကားနဲ့ဆိုင်ကယ်တွေပါ ရွှေ့ပြောင်းချိန်မရ၊ လမ်းမကြီးထွက်တဲ့ လမ်းမှာ ၃ ပေကျော်ရေ တက်နေတာကြောင့်  လူတွေရှောင်တိမ်းမရဘဲ အိမ်ထဲနာရီပေါင်းများစွာ ပိတ်မိခဲ့ပြီး  ချင်းမိုင် - ဖန်မြို့နယ်သွား ချိုးတနားလမ်းမကြီးမှာလည်း ရေပြည့်နေလို့ ယာဉ်ကြောပိတ်သွားပါ တယ်။ စက်တင်ဘာ ၂၃ ဒီနေ့မနက်မှာတော့ ရေပြန်ကျသွားပါတယ်။

အလားတူ ဒွိုင်ဆုထိပ် တောင်ပေါ်ဘုရားနဲ့ ဒွိုင်ပွီတောင်ကရေတွေ စီးဆင်းတာကြောင့် ချန့်ခင့်ရပ်ကွက်ထဲမှာလည်း ရေကြီးခဲ့ပါတယ်။  ဖစ်ချဘွန်းခရိုင် ဖစ်ချဘွန်းမြို့နယ်မှာလည်း လုမ်ဆတ်ချောင်းရေလျှံကျပြီး လူနေအိမ်အချို့ ရေလွှမ်းခဲ့ပါတယ်။ 

ထိုင်းမိုးလေဝသဌာနရဲ့ ဒီကနေ့မနက် ၄ နာရီထုတ်ပြန်ချက်အရ “ရာဂါဆာ” အမည်ရှိ တိုင်ဖွန်းမုန်တိုင်းဟာ တောင်တရုတ်ပင်လယ်ပြင်အထက်ပိုင်းကနေ တနာရီလျှင် ကီလိုမီတာ ၂၀ နှုန်းနဲ့ အနောက်ဘက်ကို ရွေ့လျားနေပြီး ဟောင်ကောင်ကျွန်းကို ချဉ်းကပ်ကာ တရုတ်နိုင်ငံ တောင်ပိုင်းကမ်းရိုးတန်းတလျှောက် ဖြတ်သန်းမယ်လို့ ခန့်မှန်းရပါတယ်။ 

အဲဒီနောက် ဟိုင်နန်ကျွန်းကို ဖြတ်သန်းပြီး စက်တင်ဘာ ၂၅ မှာ တုံကင်ပင်လယ်ကွေ့ထဲကို အားလျော့သွားမယ်၊ ဆက်လက်ပြီး ဗီယက်နမ်မြောက် ကုန်းတွင်းပိုင်းကို အပူပိုင်းမုန်တိုင်းအဖြစ် အားလျော့သွားမယ်လို့ ဆိုပါတယ်။ 

စက်တင်ဘာ ၂၅ နဲ့ ၂၆ ရက်နေ့တွေမှာ တရုတ်နိုင်ငံမှ လေအေးတွေ ထိုင်းမြောက်ပိုင်း ဝင်ရောက်လာမှာကြောင့် မုန်တိုင်းအရှိန် လျင်မြန်စွာ အားလျော့သွားနိုင်တယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံ ဘန်ကောက် နဲ့ အနီးတဝိုင်အပြင် ထိုင်းမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ အရှေ့ပိုင်း ဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းမယ်။ လျှပ်တပြက်ရေကြီး၊ မြေပြို၊  မြစ်ရေလျှံတာနဲ့ ဆက်စပ်တဲ့အန္တရာယ်တွေ သထိထားဖို့၊ အထူးသဖြင့် ရေကြောင်းလမ်း၊ မြေနိမ့်ပိုင်းနဲ့ တောင်စောင်းတွေမှာ မြေပြိုတာတွေ သတိပေးထားပါတယ်။ 

ကပ္ပလီပင်လယ်ပြင်နဲ့  ထိုင်းပင်လယ်ကွေ့အထက်ပိုင်းမှာတော့ မုန်တိုင်းပိုမိုအားကောင်းလာနိုင် တယ်လို့  ခန့်မှန်းတယ်။ ကပ္ပလီပင်လယ်ပြင်အထက်ပိုင်းမှာ လှိုင်းအမြင့် ၂ မီတာကနေ ၃ မီတာအထိ ရှိနိုင်တယ်၊ အဲဒီရက်တွေအတွင်း လှေငယ်တွေအနေနဲ့ ကမ်းကမခွာဖို့ သတိပေးထားပါတယ်။  

ပြည်သူတွေအနေနဲ့ မိုးလေဝသသတင်းကို အမြဲမပြတ်နားထောင်ပြီး အရေးကြုံက ဖုန်းနံပါတ်  ၀၂၃၉၉၄၀၁၂  - ၁၃ ဒါမှမဟုတ် အရေးပေါ်လိုင်း  ၁၁၈၂ ကို ၂၄ နာရီ ဆက်သွယ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။  

Source : Chiangmai News / Khaosod / TNN Earth 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013