DVB Logo
Home
မြန်မာသတင်း
ထီးလင်းနှင့် ပေါက်မြို့နယ်အစပ်ကို စစ်တပ်က ဗုံးအလုံး ၃၀ ကျော် ကြဲချ
DVB
·
September 23, 2025
ထီးလင်းနှင့် ပေါက်မြို့နယ်အစပ်ကို စစ်တပ်က ဗုံးအလုံး ၃၀ ကျော် ကြဲချ
Donate to DVB

မကွေးတိုင်း၊ ထီးလင်းမြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်ကို စစ်တပ်က စက်တင်ဘာ ၂၂ ရက်နေ့ တရက်တည်း မနက်ပိုင်းမှာ ဗုံးအလုံး ၃၀ ကျော် ကြဲချခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ယောအလင်းတန်းအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ မင်းဒဿက “တံတားဦးလေဆိပ်ကနေ ပျံသန်းလာတဲ့ Y12 စစ်ထောက်ပို့လေယာဥ်တစီးဟာ မနက် ၉ နာရီခွဲလောက်ကနေ ၁၀ နာရီခွဲလောက်အထိ ထီးလင်းနဲ့ ပေါက်မြို့နယ်အစပ်က ပုံတောင်တကြောကို ဗုံး ၇ ကြိမ်မှာ အလုံးရေ ၃၀ ကျော် ကြဲချသွားခဲ့ပါတယ်” လို့ ပြောပါတယ်။

ဗုံးကြဲခံရတာကြောင့် ထိခိုက်ပျက်စီးတဲ့ မြေပြင်အခြေအနေကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ဗိုလ်ဂဠုန်က “ပြီးခဲ့တဲ့ မတ်လထဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သိမ်းပိုက်ရရှိထားတဲ့ ထီးလင်းမြို့ရဲ့ အရှေ့ဘက် ပေါက်မြို့နယ်အစပ်က ကပစ ၂၄ ကာကင်းစခန်းဖြစ်တဲ့ ကျင်းနတ်ထိပ် ကာကင်းစခန်းကို သူတို့ဘက်က အခုလဆန်းပိုင်းမှာ ပြန်ရသွားပြီးတော့ အင်အား ၅၀၀ ကျော်လောက်နဲ့ အလုံးအရင်း ဖြန့်ကြက်ထားလို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ရေးအခြေအနေ တင်းမာနေတယ်။ အဲဒါကြောင့်လည်း ပုံတောင်ကြောကတော့ စစ်မျက်နှာပြင်ဖြစ်နေတယ်လို့ ပြောလို့ရတာပေါ့လေ” လို့ ပြောပါတယ်။

ထီးလင်းမြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်မှာရှိကြတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေ အနေနဲ့လည်း စစ်တပ်ရဲ့ လေကြောင်းအန္တရာယ်ကို ကာကွယ်နိုင်မယ့် အစီအမံတွေ အထူးပြုလုပ်ထားကြပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထုတ်ပြန်တဲ့ လေကြောင်းအန္တရာယ် သတိပေးချက်တွေကိုလည်း လိုက်နာကြဖို့ တိုက်တွန်းလိုတယ်လို့ သူက ဆက်ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက် ညနေပိုင်းမှာလည်း ထီးလင်းနယ် အရှေ့ခြမ်း၊ ပေါက်နယ် အနောက်ခြမ်းမှာရှိတဲ့ ပေါက်ပုံတောင်တကြောကို တံတားဦးလေတပ်က တက်လာတဲ့ စစ်တပ်ရဲ့ Y12 လေယာဥ်နဲ့ လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ်အတွင်း ဗုံးအလုံး ၂၀ ဝန်းကျင် ကြဲချသွားခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013